စင်ကာပူ မေ ၈
အိန္ဒိယရဲ့ အမုန်းထား တိုက်ခိုက်မှုအတွက် ဒဏ်မခတ်ဘဲ မနေဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်က မေ ၈ ရက်မှာ ကြုံးဝါးလိုက်ပါတယ်။
မေ ၇ ရက်က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ တိုက်ပွဲ ဖြစ်ပွားပြီး လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်ကို အိန္ဒိယက ဒုံးကျည်တွေနဲ့ စတင် တိုက်ခိုက်ခဲ့ပြီးနောက် အငြင်းပွားနေတဲ့ မြောက်ပိုင်းနယ်စပ်တလျှောက်မှာ နှစ်ဘက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဦး သေဆုံးခဲ့တဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်က ကူညီပေးခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲပြီးနောက် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်းတွေကြား ဆယ်စုနှစ် နှစ်စုကျော်အတွင်း အဆိုးရွားဆုံး ပဋိပက္ခ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ စွပ်စွဲမှုကို ပါကစ္စတန်က ပယ်ချထားပြီး တိုက်ခိုက် သတ်ဖြတ်မှုတွေကို အမှီအခိုကင်းကင်း စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

ဝန်ကြီးချုပ် ရှရစ် ဦးဆောင်ပြီး ပါကစ္စတန် အမျိုးသားလုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပပြီး ကာကွယ်ရေး ဝန်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ နိုင်ငံတကာ အနေနဲ့ အိန္ဒိယကို တာဝန်ခံခိုင်းဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယက ဒေသတွင်း မီးတောက်ကြီး တစ်ခုကို မွှေးခဲ့ပြီး ပါကစ္စတန် အနေနဲ့အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရေး ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။
ပါကစ္စတန် နယ်နိမိတ်ထဲမှာ အကြမ်းဖက်သမားတွေရဲ့ တပ်စခန်းတွေ ရှိနေတယ်ဆိုတဲ့ အိန္ဒိယရဲ့ စွပ်စွဲချက်ကို ပါကစ္စတန်က ပယ်ချထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ပြည်တွင်းမှာ လူကြိုက်ပိုများလာစေဖို့ ပါကစ္စတန်ကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားထားပြီး မိမိတို့လည်း ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လက်စားချေမှု စတင်ပြီးပါပြီ။ ကျွန်တော်တို့ အကြာကြီး မစောင့်ပါဘူးလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်က ပြောကြားထားတာဖြစ်ပါတယ်။
Ref:Agencies