သီပေါ၊ မေ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်စုံကျေးရွာမှာ စစ်ကောင်စီရဲ့ လက်ကျန်မြေမြုပ်မိုင်း နင်းမိခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မေ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၇ က်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်မှာ အသက် ၃၂ နှစ်အရွယ် ဦးအိုက်လော်ဝ်ဟာ စစ်ကောင်စီ ရဲ့ ခလရ ၂၃ တပ်စခန်းဟောင်း ခြံစည်းရိုးဘေးမှာ ထင်းသွားခွေရာမှ မိုင်းနင်းမိခဲ့တာပါ။

မြေမြုပ်မိုင်းနင်းမိတာကြောင့် ဦးအိုက်လော်ဝ်ဟာ ညာဘက်ခြေထောက်မှာ ဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမိုင်းပေါက်ကွဲခဲ့တဲ့နေရာကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး လူနာကို ဆေးရုံကုသရန် ပိုဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဧပြီလကလည်း သီပေါမြို့နယ် တုံစင်ကျေးရွာမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ခလရ ၂၃ တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.