ဘားအံ၊ မေ ၈
ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အခြား ရာဇဝတ်အကျဉ်းသား ၁၂ ဦးက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) ထံက သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်နဲ့ ကိုမင်းသူစိုးတို့နှစ်ဦးဟာ ထောင်မှကျွေးတဲ့ငါးဟင်း ဘာကြောင့် နောက်ကျရကြောင်းကို ထောင်ပိုင်လေးရဲ့ လက်ရင်းတပည့်ထက်နိုင်မှ အိပ်ဆောင်အတွင်း ဝင်ရောက် ပြောကြားခိုင်းတာကြောင့် ပြောကြားရာမှ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ အုပ်စုဖွဲ့ ဝိုင်း ဝန်း ရိုက်နှက်ခံရတာပါ။
နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့် ပြောကြားနေချိန် ရာဇဝတ်အကျဉ်းသားစပရိန်မှ အသင့်ပြုလုပ်ထားတဲ့ ပုံစံအပြာပုဆိုးဖြင့်ထည့်ပြီးပတ်ထားတဲ့ ကွန်ကရစ်တုံးနဲ့ ကိုကျော်ကျော်မြင့်ရဲ့ ဦး ခေါင်းနောက်စေ့ကို စတင်ရိုက်နှက်ခဲ့ကာ အခြားရာဇဝတ် အကျဉ်းသားငါးဦးခန့်ကလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် အခြားနိုင်ကျဉ်းတစ်ဦးဖြစ်တဲ့ ကိုမင်းသူစိုးကိုလည်း တန်းစီးဖြစ်သူ သွားကြိုးအပါအဝင် အခြားရာဇဝတ်အကျဉ်းသား ၁၀ ဦးခန့်က ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။
အခုလို ကြိုတင်ကြံစည်ပြီး အုပ်စုဖွဲ့ကာ လူသတ်ဖို့ကြိုးစားခဲ့သူတွေကြောင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်မှာ ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ခန္ဓာကိုယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူး ရောင်ဒဏ်ရာ၊ တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာအပြင် ဦးခေါင်းကွဲအက် ဒဏ်ရာအား ၃ချက် ချုပ်ခဲ့ရတာပါ။
ဒါအပြင် အခြားနိုင်ကျဉ်းတစ်ဦးဖြစ်တဲ့ ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်ဒဏ်ရာဖြင့် ၇ ချက်ချုပ်ရခဲ့ပြီး ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတစ်ပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာနဲ့ ခန္ဓာကိုယ်အ နှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများရရှိခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့နေရာဟာ အိပ်ဆောင်မှူး ရုံးခန်းရှေ့မှာ ဖြစ်ပေမယ့် အိပ်ဆောင်မှူး ဗိုလ်လေးအောင်ရဲနိုင်၊ တပ်ကြပ် ဝင်းမောင်၊ တပ်ကြပ်သိန်းသန်းဦး(ခ)ပြောင်ကြီးတို့မှ ဝင်ရောက်ဟန့်တားခြင်း လုံးဝမပြုလုပ်ပဲ ကြည့်နေခဲ့တယ်လို့ PPNM က ဆိုထားပါတယ်။
အခုလို အုပ်စုဖွဲ့ ဝိုင်းဝန်း ထိုးကြိတ်ခဲ့သူတွေဟာ အရင်က ထောင်ပိုင်လေး စိုးမိုးအောင် ဦးဆောင်မှုဖြင့် MJ မှ စစ်စည်းကမ်းဦးဆောင်ကာ နိုင်ကျဉ်းတွေကို သီးသန့်နှိပ်ကွပ်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဘားကုတ်ဂိုဏ်းမှ ဦးဆောင်သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘားကုတ်ဂိုဏ်းမှာ လည်ဂုတ်မှာ ပုံစံတူ ဘားကုတ်ပုံစံ တက်တူးထိုးထားကြသူတွေဖြစ်ပြီး အကျဉ်း ထောင်ထဲမှာ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုဖြစ်ကာ အင်အားတစ်ရာဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media