ကျုံဒိုး၊ မေ ၈
ကရင်ပြည်နယ် ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ချေမှုန်းခံရတာကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးကို အင်အား ၅၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အချိန် သုံးနာရီလောက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ် ၄၂၃ ခြေမြန်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက်အပါအဝင် အကြပ်အရာရှိနဲ့ တပ်သား ၃၀ ဦး သေဆုံးခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းပျက်ပြီး နောက်ပြန်ဆုတ်သွားမယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA အပြင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်းစတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ အခြားပူးပေါင်းတပ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တာပါ။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကတော့ ဒီကနေ့အထိ ကျုံဒိုးမြို့အနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေရဲ့ လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်တို့ကို သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MLA