မကွေး ‌မေ ၆

မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့်မြိုင်နယ်အစပ်ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

မေ ၅ ရက် ည ၈ နာရီဝန်းကျင်အချိန်တွင် ပခုက္ကူမြို့နယ်အဆုံး မြိုင်နယ်အစဖြစ်သည့် ဇောင်ဂျမ်းကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တစ်လုံးက စာသင်ကျောင်းပေါ် တည့်တည့်ကျတယ်။ တစ်လုံးက စာသင်ကျောင်းရဲ့ အနောက်ဘက်နားကို ကျတယ်။ အဲဒီမှာ ရှိနေတဲ့ ရပ်ကျေး ကာကွယ်ရေးအဖွဲ့တွေကော အကျအဆုံးရှိတာပေါ့။” ဟု ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။

လေကြောင်းမှ ဗုံးကြဲခံရသည့် ဇောင်ဂျမ်းကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရွာနှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်း ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံရသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များထဲမှ ရဲဘော် ၈ ဦး နေရာတွင်ပင် ကျဆုံးပြီး ၁ ဦးမှာ ဆေးရုံအရောက် ကျဆုံးသွားခဲ့သည်ဟုဆိုသည်။ ပြည်သူများနှင့် အခြားရဲဘော်များလည်း အထိအခိုက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက မေ ၆ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင်လည်း ပခုက္ကူ တပ်မ ၁၀၁ မှတက်လာသည့် စက်တပ်လေထီး နှစ်စီးဖြင့် မြိုင်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – We Love Myaing

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.