မော်လမြိုင် ၊ မေ ၄

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ် လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ မေ ၃ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ စာ နယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ UK in Myanmar က ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်း သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်မှု အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၆၉ မှာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်တာနက် ဆက်လက်ကန့်သတ်ထားမှုက လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် အချက်အလက် စုဆောင်းရာမှာ နှောင့်နှေးမှု ဖြစ်ပေါ် စေသလို အချိန်နဲ့တပြေးညီ ငလျင်တုံ့ပြန်ရေး ဆောင်ရွက်တဲ့နေရာမှာ အဟန့်အတား ဖြစ်စေတယ်လို့ UK in Myanmar က ထုတ်ပြန်ပါတယ်။

မီဒီယာကဏ္ဍအနေနဲ့ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့် ရှိရမှာဖြစ်ပြီး ယူကေအစိုးရအနေနဲ့ ပြည်သူတွေ သတင်းလက်လှမ်းမီနိုင်ခြင်းအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရှုတ်ချသလို ဖမ်းဆီး ထိန်း သိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။

လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်ကတော့ မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွေဟာအာဏာသိမ်းပြီးနောက် ကျဆင်းလာတာ ဖြစ်သလို သတင်း ရယူတဲ့နေရာမှာလည်း စစ်ကောင်စီအပြင် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာပါ သတင်းရယူခွင့် ပိတ်ပင်ခံနေရတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီ ၂၀၂၀ အာဏာ မသိမ်းခင်တုန်းက မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အညွှန်းကိန်းက ၁၃၉ ပါ၊ အခုလည်း ကျွန်တော်တို့ ပွိုင့် (၃၀) အမှတ် (၃၀) ပိုရှိခဲ့တဲ့ နေရာပါ၊ အဲဒီလို အခြေအနေကနေပြီးတော့ ၅ နှစ်လောက်အတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ တော်တော် ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်သွားပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် မရှိဘူး။ ဒါ စစ်ကောင်စီအောက်မှာတင် မဟုတ်ပါဘူး၊ တချို့နေရာတွေ အထူးသဖြင့်တော့ ပဋိပက္ခ ဖြစ်တဲ့ နေရာတွေမှာလည်း စစ်ရေးလုံခြုံမှုကို ဦးစားပေးပြီးတော့ သတင်းရယူခွင့် ပိတ်ပင်တဲ့ အခြေအနေ မျိုးစုံကြုံနေရပါတယ်။ အတော်ဆိုးဆိုးရွားရွား စောင့်ကြည့်ရမယ့် မီဒီယာအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ နိုင်ငံထဲမှာ ပါပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ သတင်းလွတ်လပ်ခွင့် မရှိတဲ့အပြင် သတင်းစီးဆင်းမှုတွေကိုပါ ပိတ်ပင်ခံထားရတာကြောင့် ပြည်သူတွေအနေနဲ့ သဘာဝဘေးလို ဘေးအန္တရာယ်တွေ ဖြစ်ပွားချိန်တွေမှာ ချက်ချင်း တုံ့ပြန်နိုင်မှုတွေ မရှိတဲ့အတွက်လည်း နစ်နာမှုတွေ ရှိတယ်လို့ ဦးတိုးဇော်လတ်က ဆက်ပြောပါတယ်။

သတင်းထောက်တစ်ဦးကတော့ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် သတင်းရယူတဲ့ နေရာမှာ မြေပြင်အထိ သတင်းသွားယူဖို့က အစ အခက်အခဲ ရှိလာသလို သတင်းရယူတဲ့ နေရာမှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေ ရှိတာကြောင့် အခန့်မသင့်ရင် ဖမ်းဆီးခံရနိုင်တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် သတင်းသမား တော်တော်များများကတော့ အခက်အခဲ ဖြစ်တာပေါ့နော်။ အဓိကတော့ မြေပြင်အထိရောက်အောင် သတင်းအရင်းအမြစ်ဆီအထိ ရောက်အောင်သွားဖို့ အခက်အခဲတွေ ရှိတယ်။ တချို့ နေရာတွေမှာ ကျွန်တော်တို့ သွားမယ်ဆိုရင် စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေ ရှိတယ်။ အခန့်မသင့်ရင်တော့ ကျွန်တော်တို့ အဖမ်းခံရနိုင်တယ်ပေါ့နော်။ သတင်းအမှန်ရဖို့အတွက် ကျွန်တော်တို့ အများကြီး ခက်ခဲတဲ့ အနေအထားတွေ ကြုံရတာပေါ့နော်” လို့ ဆိုပါတယ်။

လက်ရှိ မြေပြင်သတင်း ရယူတဲ့နေရာမှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ သတင်းသမားတွေလောက်သာ သတင်းရယူနိုင်တာကြောင့် ပြည်သူတွေ သတင်းအမှန် မရရှိသလို သတင်းမှန် ရေးတဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးနေတာကြောင့် သတင်းလွတ်လပ်ခွင့် မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ IPCM ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင် စီက သတင်းသမားတွေကို မတရားဖမ်းဆီး ထောင်ချတာ၊ သတ်ဖြတ်တာတွေအပြင် သတင်းသမား တချို့ဟာ လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့အထိ မတရား ဖိနှိပ် ဖမ်းဆီးခံထားရပြီး လက်ရှိ အကျဉ်းကျခံနေရဆဲ သတင်းမီဒီယာသမား ၄၀ ဦးရှိသလို အာဏာသိမ်းကာလအတွင်း သတင်းမီဒီယာလုပ်ငန်းခွင် အတွင်း သေဆုံးသူ ၇ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.