မော်လမြိုင် မေ ၄

လက်ရှိ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးကို ပထမဦးဆုံး အကောင်ထည်ဖော်မယ့် အစီအစဉ်အဖြစ် ဆုံးဖြတ်ထားတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအ ဝေးကို စတုတ္ထအကြိမ်အဖြစ် ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တို့မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ငါးရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။

အစီအစဉ်တွေထဲမှာ သက်ဆိုင်သူ အစုအဖွဲ့တွေအားလုံး ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ဖို့ကို ဦးစားပေးထားပြီး ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးမှာဖြစ်လို့ သက်ဆိုင်သူတွေ ကြိုတင် ကတိကဝတ်ရယူဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေနဲ့အညီ ရွေး ကောက်ပွဲကျင်းပဖို့ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲ‌ရေးဟာ လက်ရှိ ကြုံတွေ့နေရတဲ့အကျပ်အတည်းအရ ပထမဦးဆုံး လုပ်ဆောင်နိုင်ရင် ကျန်တဲ့ လုပ်ငန်းအစီအစဉ်တွေအပေါ်လည်း အများကြီးအထောက် အကူပြုနိုင်တယ်လို့ ရှုမြင်ထားတာပါ။

ဒီအတွက်ကြောင့် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နိုင်ငံတကာနဲ့အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့အရေးကို ထင်သာမြင်သာ စိတ်ဝင်စားလာချိန်မှာ အခွင့်ကောင်းယူပြီး အကျပ်အတည်းကနေ ထွက်‌ပေါက်ရဖို့ ကြိုးပမ်းတာလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“အခုလောလောဆယ် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံအပါအဝင် ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့ နိုင်ငံ တကာကလည်း အရင်ကထက်စာရင် နည်းနည်းလေး စိတ်ပါဝင်စားမှု ရှိလာတယ်။ ပူးပေါင်းဆောင် ရွက်မှုကလည်း ထင်သာမြင်သာရှိလာတဲ့အချိန်မှာ ဒါကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခဆိုတဲ့ အကျပ်အတည်းကို ထွက်ပေါက်ရနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာရဲ့ အားကိုသော်လည်းကောင်း ကျွန်တော်တို့ ကိုယ်တိုင်က လုပ်နေတဲ့ အားကိုသော်လည်း‌ကောင်း ကျွန်တော်တို့ပြိုင်တူ စုပေါင်းတွန်းပြီးတော့ ရုန်းနိုင်ကြမယ်ဆိုလို့ရှိရင် ထွက်ပေါက်များ ရနိုင်မလားလို့ ကျွန်တော်တို့အနေနဲ့ မရှိမဲ့ရှိမဲ့ အခြေအနေတစ်ခုအောက်မှာ နည်းနည်းလေး တွန်းအားဖြစ်ချင်တာပေါ့” လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ငါးရပ်ဟာ အရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကို ပြန်လည်အခြေခံပြီး လက်ရှိ ပကတိ နိုင်ငံရေးအခင်းအကျင်းနဲ့ အကိုက်ညီဆုံးဖြစ်အောင် ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

အစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာ အစိုးရအဖွဲ့တွေနဲ့လည်း အလျဉ်းသင့်သလို ချိတ်ဆက်ပြီး တဆင့်ချင်းစီ အသိပေးရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်သလို အဖွဲ့အတွင်းမှာလည်း အကောင်အထည်ဖော်မယ့် လုပ်ငန်းအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လမ်းစရှာ ညှိနှိုင်းသွားမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ရှင်းပြပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက လက်ရှိအခြေအနေမှာ အပစ်ရပ် ၇ ဖွဲ့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဖြစ်တည်မှုပုံစံ မတူတော့သလို သက်ဆိုင်သူအစုအဖွဲ့တွေလည်း များပြားလာတဲ့အတွက် စဉ်းစားပုံချင်း မတူဘူးလို့ သုံးသပ်ပါတယ်။

“7 EAO Alliance က သူတို့ အချင်းချင်းကြားထဲမှာတောင် တော်တော်ညှိနေရတဲ့ အခြေအနေရှိတယ်။ နောက်တစ်ခုက သူတို့ 7 EAO Alliance နဲ့အတူ ကျန်တဲ့ EAO ERO တွေ သူတို့က ဖြစ်တည်မှုပုံစံ မတူတော့ဘူးဆိုတဲ့ဟာလည်း တွေ့ရမယ်။ အထူးသဖြင့် Northern Alliance ရဲ့ စစ်ရေးအရ ပြောင်းလဲသွားတဲ့ အခြေအနေတွေ နောက်တစ်ခါ အညာဒေသမှာရှိနေတဲ့ နောက်ထပ် တိုးလာတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ ဒါမှမဟုတ် တော်လှန်ရေး အစုအဖွဲ့တွေ။ အဲဒီတော့ နိုင်ငံရေး State Holder တွေ တအားများသွားပြီ။ များသွားတဲ့ အနေအထားမှာ အခုလက်ရှိသွားချင်တဲ့ နိုင်ငံရေးလမ်းစဉ်က အခု ဒီငါးချက်နဲ့ တူသလိုလိုတော့ ရှိပေမယ့် ဘယ်ဟာ အရင်စလုပ်မလဲဆိုတဲ့ဟာက စဉ်းစားပုံ တူမှာမဟုတ်ဘူးလို့ ကျွန်တော် နည်းနည်း မြင်ရတယ်” လို့ ဆိုပါတယ်။

နယ်မြေဆိုင်ရာအငြင်းပွားမှုတွေ အကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအပါအဝင် လူမျိုးအခြေပြုကိစ္စရပ်တွေ စတဲ့ လုပ်ငန်းစဉ်တစ်ရပ်ချင်းစီမှာ သက်ဆိုင်သူတွေ ဘယ်လောက်အထိ ပါဝင်ကြပြီး အချင်းချင်း ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနိုင်မလဲဆိုတာ အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။

ဒါကြောင့် ဆုံးဖြတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် တစ်ရပ်ချင်းစီကို ဘယ်လိုစံသတ်မှတ်ချက်တွေနဲ့ ညှိနှိုင်းကြမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုမယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မှတ်ချက်ပြုပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ‌ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-7EAOs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.