ရေဖြူ၊ မေ ၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် စိန်ဘုံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးအပါအဝင် အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ တပ်ဖွဲ့အတွက် လိုအပ်တဲ့ ရိက္ခာတွေဝယ်ယူပြီး ကားနဲ့ပြန်လာတဲ့ PDF ရဲဘော်တစ်ဦးနဲ့ ရွာသားနှစ်ဦးဟာ စိန်ဘုံကျေးရွာမှာ စစ်ကောင်စီတပ် ကင်း ပုန်းနဲ့တိုးပြီးနောက် ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်နဲ့ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က နေရာမှာပဲ ပစ်သတ်ခဲ့ပြီး သူတို့သုံးဦးစီးနင်းလာတဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းသွားခဲ့တယ်လို့ PDF စစ်ကြောင်းတစ်ခုဖြစ်တဲ့ ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော်ဟာ ဒေါနတပ်ခွဲ ၄ က ရဲဘော်ဖြစ်ပြီး ရွာသား နှစ်ဦးကိုတော့ ရေဖြူမြို့နယ် ဘုရားသုံးဆူရွာသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စိန်ဘုံရွာမှာ ပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ တတိယအပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.