ကော့ကရိတ်၊ မေ ၄
ကရင်ပြည်နယ် ကော့ကရိတ်- ကျုံဒိုးမြို့အနီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့ကရိတ်-ကျုံဒိုးမြို့အနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေအပေါ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ် ဆောင်နေခဲ့တာပါ။
ဧပြီ ၂ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်လောက်မှာလည်း စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတစ်ရွာအပေါ် ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်တွေ ခိုလှုံတဲ့နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးဝန်းကျင်လည်း ပျက်စီးသွားခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၁ ရက်နေ့ကလည်း ကျုံဒိုးမြို့ အရှေ့မြောက်ဘက် ချောင်းဖျားရွာနဲ့ ကြာအင်းစုကျေး ရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး အရပ်သားထိခိုက်မှု မရှိခဲ့ပေမယ့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကျုံဒိုးဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ဒဏ် ရာရသူ ၄၀ နီးပါး မြင့်တက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ရဲ့ ပြောဆိုထုတ်ပြန်ချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ကော့ကရိတ်နဲ့ကျုံဒိုးမြို့နယ်တို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သိန်းနီးပါး ရှိလာပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာ စားနပ် ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG