ဘေဂျင်း၊ မေ ၂
သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံထားမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အမေရိကန်က တရုတ်ကို ချဉ်းကပ်ခဲ့ပြီး ဘေဂျင်းက ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်နိုင်ငံကြား ဆွေးနွေးဖို့ ကြိုးပမ်းနေတာကြောင့် ကုန်သွယ်ရေး စစ်ပွဲ အရှိန်လျှော့လာမယ့် အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန်အနေနဲ့ သူတို့ရဲ့ အမှားကို အမှန်ပြင်ပြီး တစ်ဖက်သတ် ပြဌာန်းထားတဲ့ အခွန်တွေကို ပြန်ရုတ်သိမ်းသင့်တယ်လို့ တရုတ် စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။
ညှိနှိုင်းရာမှာလည်း အမေရိကန်အနေနဲ့ ရိုးသားမှု ရှိကြောင်း ပြသရမယ်လို့ အဲဒီဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြပ်ကိုင်ဖို့အတွက် ကနဦး ခြေလှမ်းအနေနဲ့ ဆွေးနွေးမှုတွေကို အသုံးချတာက အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ရေးပါတယ်။
အမေရိကန်က အခွန်တွေ တိုးကောက်တာဟာ အနိုင်ကျင့်တဲ့ လုပ်ရပ် ဖြစ်ပြီး မိမိတို့ နိုင်ငံရဲ့ တိုးတက်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ တရုတ်က ပြောဆိုထားပါတယ်။
တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေကို အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံထားပေမယ့် ဂျက်လေယာဉ် အင်ဂျင်၊ မိုက်ကရိုချပ်စ်တွေနဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် အခွန် ကောက်ခံမှုက လွတ်ကင်းမယ့် ပစ္စည်းစာရင်းကို တိတ်တဆိတ် ရေးဆွဲထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် အရာရှိတွေကတော့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ပြေလျော့လာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။
တရုတ်နဲ့ သဘောတူညီမှု ရယူနိုင်ခြေ အရမ်းများတယ်လို့ သမ္မတ ထရန့်က ဧပြီ ၃၀ ရက်မှာ ပြောကြားထားပါတယ်။
တရုတ်ကတော့ အမေရိကန်နဲ့ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲရမယ်ဆိုရင်လည်း ကြောက်ရွံ့နေမှာ မဟုတ်ဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ အရင်က ကြွေးကြော်ခဲ့ပါတယ်။
နောက်ပြီး အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူဖို့ ကြိုးပမ်းတဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန် စိတ်ကြိုက် လိုက်လုပ်မပေးကြဖို့ ဘေဂျင်းက တိုက်တွန်းထားပါတယ်။
Ref:Reuters