ကွာလာလမ်ပူ မေ ၂

ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတွေ ဘေးကင်းကင်း လုပ်ဆောင်နိုင်စေဖို့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းထပ်တိုးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် အန်ဝါ အီဗရာဟမ်က သဘာဝဘေးဖြစ်ပြီးတဲ့နောက် ကြေညာခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုး ဆက်လက်ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို တိုက်တွန်းထားတယ်လို့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ မလေးရှားနိုင်ငံခြားရေးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်က “လက်ရှိ အပစ်အခတ်ရပ်စဲမှုကို ဆက်လက်ထိန်းသိမ်းထားရုံသာမက နိုင်ငံတဝန်းလုံး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖြစ် ကျယ်ပြန့်လာစေဖို့ လိုပါတယ်၊ ကျယ်ပြန့်တဲ့ လူသားစာနာ အပစ်ရပ်စဲမှုဟာ နိုင်ငံတဝန်းမှာရှိတဲ့ လူသားစာနာရေး လုပ်ဆောင်ချက်တွေ ထိရောက်စေဖို့၊ ဘေးကင်းစေဖို့နဲ့ မျက်နှာမလိုက်ဖို့ လိုအပ်တဲ့အပြင် မြေပြင်မှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ လူသားစာနာအဖွဲ့တွေ၊ ဆေးအဖွဲ့တွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကိုလည်း ရှိစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ် အန်ဝါနဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ဟာလည်း အဓိက ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး အဲဒီအပစ်ရပ်ရေး ကိစ္စနဲ့ပတ်သက်လို့ အလေးပေးပြောဆိုထားတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ပြီးခဲ့တဲ့လ ဘန်ကောက်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားဖို့ နှစ်ဖက်လုံးက အဆင်သင့်ဖြစ်နေတယ်ဆိုတာ ပြသခဲ့ကြတဲ့အကြောင်း ဝန်ကြီးချုပ်က အတည်ပြုနိုင်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဌ ဖြစ်လာတဲ့ မလေးရှားနိုင်ငံက လူသားစာနာ စည်းမျဉ်းတွေချမှတ်ထားတဲ့ ဘေးကင်းလျော့ပါးစေရေး လုပ်ငန်းတွေ ထောက်ပံ့ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေ၊ AHA စင်တာ၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အာဆီယံရဲ့ တူညီဆန္ဒငါးချက်ရဲ့ အချက်တစ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံက ဒဏ်သင့်လူမှုအသိုက်အဝန်းတွေကို လူသားစာနာအကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်ရေးအတွက်လည်း မလေးရှားက ဆက်လက်စွဲကိုင်ထားဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

အာဆီယံရဲ့ ပေါင်းစုညီညာတဲ့ တုံ့ပြန်မှုတွေအတွက် မလေးရှားက ထပ်မံ ကတိပြုခဲ့ပြီး အကျပ်အတည်းကို ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်အဖြေတစ်ခု ရရှိစေရေး ထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့လည်း မလေးရှားက ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်မှာ မြန်မာစစ်ကောင်စီက ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုး အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလိုအပစ်ရပ်သက်တမ်းတိုးတာဟာ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.