မော်လမြိုင် ၊ ‌မေ ၂

စစ်‌ကောင်စီရဲ့ တပ်စခန်းတွေ မြို့တွေများစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ကြောင့် ကြေညာခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးကာလကို နောက်ထပ် တစ်လတာ ထပ်မံ သက်တမ်းတိုးတယ်လို့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး အချိန်ထပ်မံ လိုအပ်နေတာကြောင့် မေ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဘက်သတ် အပစ်ရပ်ကာလကို သက်တမ်းတိုးလိုက်တာပါ။

အင်အားပြင်းငလျင်နဲ့ ငလျင်ငယ်တွေရဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကို လုပ်ဆောင်ရာမှာ တစ်လတာ ကြာတဲ့တိုင်အောင် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့ ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း အပစ်ခတ်ရပ်စဲကြောင်း ကြေညာခဲ့ရာကနေ ပျက်စီးဆုံးရှုံးမှုတွေ ရှင်းလင်းဖို့ နောက်ထပ် တစ်လတိုးပြီး အပစ်ခတ်ရပ်စဲတာ ဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲ‌ရေး ကြေညာလိုက်တဲ့အချိန်ကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တုံ့ပြန်မှုကလွဲလို့ မိမိတို့ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်မှာ မဟုတ်ဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဧပြီလကုန်အထိ သက်တမ်းတိုးထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေးကာလကုန်ဆုံးသွားပေမယ့် လောဆယ်မှာ နောက်ထပ် ထပ်မံ သက်တမ်းတိုးဖို့ မကြေညာရသေးပါဘူး။

Myanmar Peace Monitor ရဲ့ မှတ်တမ်းတွေအရ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလအတွင်း မြို့နယ် ၄၀ မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇၁ ခုရှိခဲ့ပြီး ဒေသခံပြည်သူ ၁၁၈ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ညီနောင်သုံးဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.