မုန်း၊ မေ ၂
ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီခြေကုတ်ယူ တပ်စွဲထားတဲ့ နေရာ ငါးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒုရင်းမှူးတစ်ဦး အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်မှာ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ် ခလရ ၇၃ ခလရ ၆၀ ပူးပေါင်းတပ်ပေါင်းစုက ထိုးစစ်ဆင်ခြေကုတ်ယူ အထိုင်ချထားတဲ့ နောင်ကုန်း၊ရင်းတိုက်ကုန်း၊ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)နဲ့ တောင်စုကျေးရွာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က တက်ရောက်သိမ်းယူ ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲထဲမှာတော့ စစ်ကောင်စီတပ်ဖက်က ဒုရင်းမှူးတစ်ဦး အရာခံဗိုလ်တစ်ဦး အပါအဝင် အများအပြား သေဆုံးသွားခဲ့သလို အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

မုန်းမြို့နယ်ထဲက နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)နဲ့ တောင်စုကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်က လာရောက်ခြေကုတ်တပ်စွဲထားတဲ့အတွက် အဲဒီကျေးရွာတွေက ဒေသခံပြည်သူတွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထားပစ်ခဲ့ကြပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒုက္ခများစွာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲက ရွှေကျင်၊မုန်း၊ကျောက်ကြီးမြို့နယ်တွေထဲမှာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ဒရုန်းနဲ့ လေကြောင်းဗုံးကြဲချခဲ့ပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရရှိခဲ့ပြီး အများအပြားဟာ ဘေးလွတ်ရာနေရာဆီ ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU