မနီလာ၊ မေ ၂
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပိုများလာတဲ့ ရန်စမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်က လုံခြုံရေး မဟာမိတ်ဖွဲ့မှုတွေ ဆက်လက် တည်ဆောက်နေချိန် နယူးဇီလန်နဲ့ဖိလစ်ပိုင်တို့ဟာ ဧပြီ ၃၀ ရက်မှာ စစ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီယိုဒိုရိုနဲ့နယူးဇီလန် ကာကွယ်ရေးဝန်ကြီး ဂျူးဒစ် ကိုးလင်းတို့ကြား နှစ်နိုင်ငံတပ်တွေအပြန်အလှန် လာရောက်ခွင့်ဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ဖိလစ်ပိုင်သမ္မတ မားကို့စ် တက်ရောက်ခဲ့ပါတယ်။

ဒီသဘောတူညီမှုအရ နှစ်နိုင်ငံထဲက ဘယ်နိုင်ငံမှာမဆို ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်တာ၊ တခြား ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် စစ်တပ်တွေ အပြန်အလှန် ဝင်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီမှုကို နယူးဇီလန်အရာရှိတွေက အတည်ပြုထားပြီ ဖြစ်ပေမယ့် အသက်သွင်းဖို့အတွက် ဖိလစ်ပိုင် အထက်လွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ရဲ့လုံခြုံရေး မဟာမိတ်ဖွဲ့မှုတွေကြောင့် တရုတ်က မကျေနပ် ဖြစ်နေပြီး ဖိလစ်ပိုင်မှာ အမေရိကန် ဒုံးကျည်စနစ် ချထားမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာလည်း ဖိလစ်ပိုင်ဟာ ဂျပန်နဲ့ အလားတူ စာချုပ်မျိုး လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်က ဒေသတွင်းမှာ စစ်ရေးအဖွဲ့တွေ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ အမေရိကန်က ဒုံးကျည်စနစ် ချထားတာကြောင့် ဒေသတွင်း လက်နက်ယှဉ်ပြိုင်မှု ဖြစ်လာနိုင်တယ်လို့ တရုတ်က သတိပေးထားပါတယ်။

ဖိလစ်ပိုင်က မိမိတို့ ပြည်တွင်းရေးရာတွေမှာ ဝင်မစွက်ဖို့ တရုတ်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း ဒူတာတေး လက်ထက်က တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်တာမျိုး မရှိခဲ့ပေမယ့် သမ္မတ မားကို့စ် လက်ထက်မှာတော့ ဖိလစ်ပိုင်ဟာ စစ်ရေးမဟာမိတ်ဖွဲ့မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။
တရုတ်ရဲ့ ရန်စမှုတွေကို တားဆီးရေး ဖိလစ်ပိုင်အနေနဲ့ တခြား ခင်မင်တဲ့ နိုင်ငံတွေနဲ့ စစ်ရေးမဟာမိတ် ဖွဲ့သွားဦးမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။
တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် နောင်တချိန် တောင်တရုတ် ပင်လယ်မှာ ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ခံရနိုင်တဲ့အတွက် နိုင်ငံတကာနဲ့ဆိုင်တဲ့ ပြဿနာတစ်ခု အဖြစ် ရှုမြင်သင့်တယ်လို့ ဖိလစ်ပိုင်က ပြောဆိုထားတာဖြစ်ပါတယ်။
Ref:AFP