နောင်ချို မေ ၂
တရုတ်နိုင်ငံရဲ့ ကြားဝင် စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ TNLA က မေ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA ရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်ကြတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့ဒေသတွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အထိ တပ်ဆုတ်ပေးဖို့ တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေဘက်က သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို သဘောတူညီမှုမရလို့ အပြန်အလှန်ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ခဲ့ဘဲ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံရေး သဘောတူခဲ့ကြပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်း တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ စတဲ့တိုက်ခိုက်မှုတေွ အားလုံး ရပ်တန့်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဒေသတည်ငြိမ်အေးချမ်းစေဖို့နဲ့ ကိုးကန့်အဖွဲ့ MNDAA လိုမျိုး တဆင့်တိုး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြု ကြိုးပမ်းခဲ့ပေမယ့် အခုလိုမျိုး သဘောတူညီမှုမရဘဲ တွေ့ဆုံပွဲ ပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA