ကော့ကရိတ်၊ မေ ၃
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းနဲ့ ကျုံဒိုးမြို့အနီး စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစလို့ ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာဘက်မှာ စစ်ကူတက်ရောက်လာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း နွားခြံကုန်းကနေ ၉ တိုင်အထိ ပြန်လည်သိမ်းပိုက်နိုင်ဖို့နဲ့ စစ်ကူပေးနိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဧပြီလ တတိယအပတ်လောက်က မော်လမြိုင် ဘားအံကနေ အင်အားအလုံးအရင်းနဲ့ ကျုံဒိုးမြို့အနီးက ဂျိုင်းဒေသထဲကို စစ်ကူရောက်ရှိလာခဲ့တာပါ။
တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မေ ၁ ရက်နေ့ ညနေပိုင်းမှာ ကျုံဒိုးမြို့ အရှေ့မြောက်က ချောင်းဖျား၊ ကြာအင်းစုကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က အသိပေးပါတယ်။
တိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေထားရတာဖြစ်ပါတယ်။
ဒါ့အပြင် မေ ၂ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာလည်း KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကော့ကရိတ် ကျုံဒိုးတိုက်ပွဲ ၃ ပတ်နီးပါး ရှိလာတဲ့အချိန်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျုံဒိုး ကော့ကရိတ်နယ်က ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးသွားခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံပြည်သူဦးရေ သောင်းချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ရက်တွေ အချိန်ကြာလာတဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်မှုနဲ့ စားရေးရိက္ခာရရှိမှုတွေ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပြီး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သွားရောက်ကူညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ အာရှလမ်းပိုင်းမှာရှိတဲ့ အောင်ဇေယျစစ်ကြောင်းအပါအဝင် ကော့ကရိတ် -ကျုံဒိုးလမ်းပိုင်းတွေကို ပြန်လည်သိမ်းပိုက် ထိုးဖောက်နိုင်ဖို့အတွက် ဂျိုင်းဒေသထဲမှာ အခြေချတပ်စွဲထားတဲ့ တပ်အင်အားတွေကနေတစ်ဆင့် စစ်ကူပေးပို့လျက်ရှိနေပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေအပါအဝင် စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုပါ တိုက်ခိုက်လျက်ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ