ဘရပ်ဆဲလ်၊ မေ ၁

ဥရောပလွှတ်တော် အဖွဲ့ဝင်တွေအပြင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဥရောပ ဆပ်ကော်မတီအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တရုတ်က ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ရိုဘက်တာ မတ်ဆိုလာက ဧပြီ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

တရုတ်က အမေရိကန်သို့ကုန်တင်ပို့မှု အများစုအပေါ် ချမှတ်ထားတဲ့ ဝါရှင်တန်ရဲ့ အခွန်အတုပ်တွေကြောင့် ထိခိုက်မှုကို လျှော့ချရေး ဥရောပနဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးပမ်းနေပါတယ်။

မွတ်စလင် ဝီဂါလူမျိုးတွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းတယ်လို့ စွပ်စွဲခံရတဲ့ တရုတ်အရာရှိတွေအပေါ် အနောက်တိုင်းက အရေးယူ ပိတ်ဆို့ခဲ့တာပါ။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်က ဥရောပလွှတ်တော် အဖွဲ့ဝင်တွေ အပါအဝင် တခြား အရာရှိတွေကို အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကနေ စတင်ပြီး တရုတ်က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့တဲ့ လူပုဂ္ဂိုလ် ၁၀ ဦးမှာ လက်ရှိ ဥရောပလွှတ်တော် အဖွဲ့ဝင် ၄ ဦး ပါဝင်နေပါတယ်။

မိမိတို့ လွှတ်တော်ကော်မတီတွေအနေနဲ့ တရုတ်အရာရှိတွေနဲ့ ဥရောပ အကျိုးစီးပွားတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာ မလိုဘဲ ဆွေးနွေးနိုင်တော့မှာ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ မတ်ဆိုလာက ပြောပါတယ်။

တရုတ်နဲ့မိမိတို့ရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ဘက်ပေါင်းစုံ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

တရုတ်ရဲ့အရေးယူ ပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပ လွှတ်တော်က တရုတ်နဲ့ရင်းနှီးမြှုပ်နှံရေး သဘောတူညီမှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်အပေါ် ကြီးလေးတဲ့ အခွန်တွေ ပြဌာန်းခဲ့ပြီးနောက် ဘေဂျင်းက ကနေဒါနဲ့ လက်တွဲဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကနေဒါက ပယ်ချခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဘေဂျင်းက ဥရောပသမဂ္ဂနဲ့ စီးပွားရေးရာ ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.