ဝါရှင်တန်၊ မေ ၁

သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်မယ့် အစီအစဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်တင်သွင်းမှု မြင့်တက်မှုနဲ့အတူ အမေရိကန် စီးပွားရေးဟာ ပထမသုံးလပတ်ကာလအတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ရပါတယ်။

အခုလ စောစောပိုင်းက အသက်ဝင်ခဲ့တဲ့ အခွန်ကောက်ခံမှုတွေ မတိုင်ခင် စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေက နိုင်ငံခြားကုန်ပစ္စည်းတွေ ပိုမို ဝယ်ယူခဲ့ကြတာကြောင့် အခုလို သုံးလပတ်ကာလ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးမှာ သမ္မတ ထရန့်က စီးပွားရေးကျဆင်းမှုဟာ အရင်သမ္မတ ဂျိုး ဘိုင်ဒန် ချမှတ်ခဲ့တဲ့ မူဝါဒတွေရဲ့ အမွေတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပထမသုံးလပတ်ကာလမှာ အသားတင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ၂၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

ဘိုင်ဒန် လက်ထက်က နှစ်စဉ် နှစ်အလိုက် စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂ ရာခိုင်နှုန်းအထက်နဲ့ တည်ငြိမ်နေခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံရဲ့ အသားတင် ပြည်တွင်းထုတ်ကုန် တန်ဘိုး GDP ဟာ ပထမ သုံးလပတ်ကာလအတွင်း နှစ်အလိုက် ၀ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

စားသုံးသူတွေနဲ့ အစိုးရ အသုံးစရိတ်လျော့ကျမှုနဲ့အတူ ပြည်ပက ကုန်စည်တွေ တင်သွင်းမှု မြင့်တက်လာတဲ့အတွက် စီးပွားရေးကျဆင်းရတာ ဖြစ်တယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။

အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးနောက် ထရန့်က နိုင်ငံအများအပြားကို အခွန်တွေ တိုးမြှင့် ပြဌာန်းထားပြီး တရုတ်အပေါ် အခွန် အများဆုံး ပြဌာန်းထားတာကြောင့် ကုန်သွယ်ရေးစစ်ပွဲ ပိုမို ပြင်းထန်လာနိုင်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.