သရက်ချောင်း၊ မေ ၁

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်ကြားရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ ဆန်နဲ့အခြေခံစားသောက်ကုန်တွေကို စစ်ကောင်စီတပ်သားတွေက သယ်ယူခွင့်မပေးဘဲ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး သရက်ချောင်းမြို့နယ်ရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ ကုန်စုံ ဆိုင်နဲ့ ဆန်ဆိုင်ပိုင်ရှင်တွေ သယ်ဆောင်လာတဲ့ ဆန်နဲ့ ဆီတွေကို စစ်ကောင်စီတပ်က မတရားသိမ်း ယူလိုက်တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ သရက်ချောင်းမြို့နယ် ဝင်းဝဂိတ်စခန်းကို ဧပြီဒုတိယအပတ်လောက်ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် သရက်ချောင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေး တင်းကျပ်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်း ပေါက်တိုင်းတံတားဂိတ်မှာ ကုန်စုံဆိုင်၊ ဆန်ဆိုင်နဲ့ စားသောက်ကုန်ဆိုင်သမားတွေ သယ်ဆောင်လာတဲ့ အခြေခံစားသောက်ကုန်‌တွေကို စစ်ကောင်စီတပ်သားတွေက ဆန်တစ်အိတ်ပါရင် တစ်အိတ်၊ ဆီတစ်ဗူးပါရင်တစ်ဗူး ဘာတစ်ခုမှ သယ်ယူခွင့်မပေးဘဲ သိမ်းယူလိုက်တယ်လို့ ဒေ သခံ အမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စက်ဘီး၊ သုံးဘီးဘေးတွဲဆိုင်ကယ်တွေနဲ့ တစ်ပိုင်တစ်နိုင် ဈေးရောင်းစားနေတဲ့ ဈေးသည်တွေကိုလည်း ပေါက်တိုင်းတံတားဂိတ်နဲ့ ရွှေဂူတံတားဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ငါး၊ ငရုတ်သီး၊ ကြက်သွန်၊ ဟင်သီးဟင်းရွက်စတာတွေကိုလည်း မတရားသိမ်းယူနေတယ်လို့ ဈေးသည်တွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း ဆန်ရောင်းနေတဲ့ ဆန်ဆိုင်တွေတောင် ဆန်တစ်အိတ်သယ်ရင် အဲဒီတစ်အိတ်ကို ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်က သိမ်းယူလိုက်တာကြောင့် ဒေသခံအများစုဟာ ဆန်ဆီစတဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူဖို့ စိုးရိမ်ကြောက်လန့် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ထားဝယ်မြို့နယ်မှာ လမ်းခရီး အခက်အခဲနဲ့ သယ်ယူခွင့် ကန့်သတ်မှုတွေကြောင့် ရန်ကုန်ကလာတဲ့ ပေါ်ဆန်းမွှေးဆန်တွေ ပြတ်တောက်နေပြီး ထားဝယ်ကထွက်တဲ့ ပေါ်ဆန်းမွှေးဆန်သာ ရှိတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းရှိ တနင်္သာရီ၊ပုလောနဲ့ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်တွေကတည်းက စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.