ရွှေကျင်၊ မေ ၂

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကွင်းဆိပ်ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်နဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦး သေ ဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ရွှေကျင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက် မပြတ် ပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြန်ဆုတ်လာရသလို စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်း ဝေါဘက်ခြမ်းကို ပြန်လည်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ရွှေကျင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဧပြီ တတိယအပတ်ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကိုလည်း KNLA ဦးဆောင်တဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားပါတယ်။

ရွှေကျင်တိုက်ပွဲကြောင့် မွန်ပြည်နယ် သိမ်ဇရပ်မြို့ပေါ်သို့ လာရောက်တိမ်းရှောင်သူ ၁၀၀၀ ကျော် ရှိနေပြီး စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.