နေပြည်တော် ၊ မေ ၂

နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီက လာမယ့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်နေပြီး လက်လွှတ်ထားရတဲ့မြို့တွေကို အကုန်ပြန်သိမ်းမယ်လို့ ကြုံးဝါးနေပါတယ်။

လာမယ့်ဒီဇင်ဘာအတွင်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၃၀ ရက်နေ့မှာ ပြု လုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံမှာ ထည့်သွင်းပြောဆိုတာပါ။

တစ်ဘက်မှာ လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် တစ်နေ့ပြန်သိမ်းပြမယ်ဆိုပြီး ကြည်း၊ ရေ ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဧပြီ ၂၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ အချိန်ဘယ်လောက်အထိသတ်မှတ်ပြီး မြို့တွေကို ပြန်သိမ်းယူမယ်ဆိုတာ ပြောမသွားခဲ့ဘူးလို့ နေပြည်‌တော်သတင်းရင်းမြစ်ရဲ့ ပြန်လည်ပြောဆိုချက်ကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြထားတာပါ။

စစ်ရေးအကဲခတ်တွေကတော့ မြို့တွေကို အကုန်သိမ်းပြမယ်ဆိုတာဟာ အကောင်အထည်ဖော်နိုင်တဲ့ စစ်ရေးအစီအစဉ်ထက် စိတ်ဓာတ်စစ်ဆင်ရေးသဘောဆောင်သလို စစ်ခေါင်းဆောင်အကြိုက် ပြောပေးတာလို့ ဝေဖန်ကြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက မြို့နယ်တချို့မှာ ဟန်ပြတိုက်စစ်အနေနဲ့ အရှိန်မြှင့်တာတွေ လုပ်လာနိုင်မယ့် အနေအထားမျိုးလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက ဒီလိုပြောပြီးရင်တော့ နည်းနည်းဟန်ပြတိုက်စစ် အရှိန်မြှင့်တာတွေ လုပ်လာမယ့် အနေအထားမျိုးတွေရှိတယ်။ အထူးသဖြင့်တော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဖြစ်လိမ့်မယ်။ နောက် မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးဘက်ကို မြေပြင်စစ်ကြောင်းတွေ ထိုးလာနိုင်ဖို့ အများဆုံး ခန့်မှန်းရပါတယ်။ ကျန်တဲ့ ရှမ်းတောင်ဘက် ကရင်နီထိစပ်နယ်မြေတွေကိုတော့ သွေး တိုးစမ်းတဲ့အနေအထားမျိုးနဲ့ပဲ ဆက်ပြီးတော့ လုပ်နေမယ့်သဘောပေါ့။ ရှေ့ဆက်တိုးမလာအောင် ထိန်းချုပ်ပြီးတော့ ခံစစ်ဆင်မယ့် အနေအထားမျိုးလောက်ပဲ ရှိပါတယ်” လို့ ဆိုပါတယ်။

BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း မြို့ပေါင်း ၉၇ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ မြို့တွေထဲမှာ တိုင်းစစ်ဌာနချုပ်နှစ်ခု အရေးနိမ့်ခဲ့ရတဲ့ ရှမ်းမြောက်နဲ့ ရခိုင်တို့မှာ စိုးမိုးနယ်မြေတွေ အများအပြား ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် တရုတ်အစိုးရရဲ့ ဖိအားကြောင့် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီ ပြန်လည်ရရှိခဲ့ပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာ လမတိုင်မီ လက်လွှတ်ထားရတဲ့ မြို့ ပေါင်း ၉၀ ကျော်ကို စစ်ရေးအရ ပြန်လည်ရယူဖို့ တိုက်စစ်ဆင်မယ်ဆိုရင် ၇ လလောက်သာ အချိန်ရရှိတော့တာပါ။

ဒါမဟုတ် လားရှိုးမြို့နည်းတူ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နဲ့ AA တို့ကို တရုတ်အစိုးရကနေတဆင့် ဖိအားပေးခိုင်းပြီး အပစ်ခတ်ရပ်စဲရေးနဲ့ ညှိနှိုင်းကာ လက်လွှတ်ထားရတဲ့ မြို့တွေ ပြန်လည်ရယူဖို့ စစ်ကောင်စီ ကြိုးပမ်းလာနိုင်ပါတယ်။

CDM ဗိုလ်ကြီးဇင်ယော် သုံးသပ်တာက လားရှိုးဖြစ်စဉ် MNDAA လိုမျိုး TNLA နဲ့ AA တို့မှာ တိုက် ရိုက်ဖြစ်လာနိုင်စရာအနေအထားမျိုး မရှိဘူးလို့ ပြောပါတယ်။

“MNDAA လို ပုံစံမျိုးတော့ TNLA နဲ့ AA ဘက်မှာ ဖြစ်လာနိုင်စရာ မရှိပါဘူး။ တိုက်ရိုက်ဖြစ်လာနိုင်စရာ အနေအထားမျိုး မရှိဘူးလို့ပဲ သုံးသပ်ရပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ TNLA နဲ့ AA တို့ စစ်မျက်နှာစာဖွင့်ထားတဲ့ နေရာတွေမှာ စစ်ရေးနည်းနဲ့ လေကြောင်းကနေရော မြေပြင်စစ်ကြောင်းတွေရော ထိုးပြီးတော့ သုံးလာတာကို တွေ့ရပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီက အခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယပတ်အထိ တစ်လအတွင်း အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လျာထားတာပါ။

ဒါကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို မေ ၉ ရက်နေ့ နောက် ဆုံးထားလျှောက်ဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တစ်ဘက်မှာ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်တော်လှန်ရေး တိုက်ပွဲတွေလည်း ဆက်ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအရ နယ်မြေဒေသပေါ်မူတည်ပြီး စစ်‌ကောင်စီက ရွေးကောက်ပွဲတွေကို အ ပိုင်းလိုက်ကျင်းပမယ့် သဘောပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းက စစ်ရေးအခြေအနေအရ လုံခြုံရေးအားကောင်းအောင် တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ဒေသတွေအပါအဝင် လက်လွှတ်ထားရတဲ့ မြို့တွေကို စစ်ကောင်စီ ပြန်ယူဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“လက်ရှိ စစ်ရေးအနေအထားအရ စကစစစ်ရေးအင်အားနဲ့ EAO အပါအဝင် တော်လှန်ရေးအင် အားစု အားလုံးရဲ့ စစ်ရေးအင်အားတွေကို ချိန်ဆပြီး သုံးသပ်ရရင် စကစ လက်လွှတ်ထားခဲ့ရတဲ့ မြို့တွေ ပြန်သိမ်းနိုင်ဖို့ အများကြီးခက်ခဲလိမ့်မယ်။ တစ်နိုင်ငံလုံးအနှံ့ အခုလိုမျိုး နိုင်ငံရေး စစ်ရေးအခြေ အနေနဲ့ EAO အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး စကစနဲ့ အပစ်ခတ်ရပ်စဲ‌ရေး သဘောတူညီချက် မပြုလုပ်ဘဲ တပြိုင်တည်း တိုက်ခိုက်နေကြရင် မွန်ပြည်နယ်မှာ တော်လှန်‌ရေးအဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေ တပ်စခန်းတွေကို ချေမှုန်းတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ အရေအတွက်ဟာ ၉၀ မြို့နယ်သာ ကျန်ရှိတော့တာပါ။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးမှသာ ထွက်ပေါက်ရမယ့် အခြေအနေမျိုးကြောင့် စီစဉ်ထားတဲ့အတိုင်း အထမမြောက်ခဲ့ရင်လည်း အရေးပေါ်သက်တမ်း ၆ လကို အထပ်ထပ်တိုးကာ ရွေး ကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေမယ့်သဘောလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.