မော်လမြိုင် ၊ မေ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်နယ်စစ်ကောင်စီက ပြည်သူပိုင်မြေတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မသိမ်းယူပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်စစ်ကောင်စီဟာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားမှာရှိတဲ့ ပြည် သူပိုင်နေအိမ် ရာနဲ့ချီကို ပြီးခဲ့တဲ့ မတ်လကစလို့ ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအ ဓမ္မ ဖြိုဖျက်ဆီးပြီးနောက် သိမ်းယူခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်စစ်ကောင်စီဟာ ပြည်သူတွေထံကနေ သိမ်းယူထားတဲ့ မြေကွက်တွေအပေါ် လှိုင်ရတနာ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းလို့ဆိုပြီး မြေဖို့တာ၊ လမ်းဖောက်တာ၊ အကွက်ရိုက်တာတွေအပြင် မီးတိုင်စိုက်တာတွေကိုပါ လုပ်ဆောင်နေပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက ဒေသခံမြေတွေကို ကျူးကျော်ဆိုပြီး သိမ်းယူစဉ်က လယ်ယာမြေ ဖြစ်တာကြောင့် အဆောက်အဦး ဆောက်လုပ်ခွင့်မရှိဘူးဆိုကာ အကြောင်းပြပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီ ကိုယ်တိုင်သိမ်းပြီး အကွက်ရိုက်ရောင်းနေတယ်လို့ ပြောပါတယ်။

“သူတို့က ဥပဒေအရဆိုပြီး ပြည်သူမြေတွေကို ပြန်သိမ်းတယ်။ သိမ်းပြီးတော့ စီမံကိန်းအကြောင်း ပြတယ်။ အလံတိုင်တွေ ထောင်ပြီးတော့ လမ်းကြောင်းတစ်ခု ဆွဲလိုက်တယ်။ အဲဒီမှာ မလွတ်တဲ့ မြေတွေ အကုန်လုံးကို သိမ်းလိုက်တယ်။ သိမ်းပြီးတော့ အဲဒီနေရာကို လမ်းဖောက်မယ်ဆိုပြီးတော့ လျာတယ်။ လျာပြီးတော့မှ ကျန်တဲ့ဘေးက သိမ်းထားတဲ့ဟာတွေပါ သိန်း ၁၄၀၀ တို့ သိန်း၁၅၀၀ တို့ အဲဒီလိုလုပ်ပြီးတော့ ရောင်းတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရတဲ့ မူလနေထိုင်သူတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းမပေးဘဲ အခုလို မြို့ကွက်သစ်စီမံကိန်းဆိုပြီး လုပ်ဆောင်နေတာဟာ မဖြစ်သင့်သလို စစ်ကောင်စီဟာ သူတို့ အကျိုးသာကြည့်ပြီး ပြည်သူတွေကို ချနင်းတာဖြစ်တယ်လို့ သူကဝေဖန်ပါတယ်။

ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီဘက်က ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မ ဖယ်ရှားမှုကြောင့် တချို့ပြည်သူတွေဟာ နေရာစရာ မရှိတော့တဲ့အတွက် ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ရတာတွေ ရှိတယ်လို့ ပြောပါတယ်။

“ကျူးကျော်ဆိုပြီးတော့ ပြောမယ်ဆိုရင် တပ်ပိုင်မြေသဘောမျိုးပေါ့။ ဘယ်လိုနေနေရလဲဆိုရင် တ ချို့ ကျတော့လည်း အိမ်ငှားနေတာပေါ့။ မြေရှိတဲ့လူကျတော့လည်း ဖျက်ခံထိတဲ့ဟာ သစ်သားအိမ်ကျတော့လည်း ပြန်ဆောက်နေတာပေါ့။ တခြားနေရာမှာ တချို့ ကျတော့လည်း မြေငှားပြီးတော့ ပြန်ဆောက်တယ်။ တချို့ ကျတော့လည်း ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ နေတာပေါ့” လို့ ဆိုပါတယ်။

လှိုင်ရတနာမြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းကိုတော့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ငွေမိုးဆေးရုံနဲ့ ငွေမိုးဟိုတယ်ပိုင်ရှင် ဦးမိုးကျော်နဲ့ စစ်ကောင်စီတို့က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ စစ်ကောင် စီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

လှိုင်ရတနာ မြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်းက ထွက်ရှိလာမယ့် မြေကွက်တွေကိုတော့ စစ်မှု ထမ်းမှာ ပါဝင်သူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြည်နယ်စစ်ကောင်စီဟာ လှိုင်ရတနာ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းဖော်ဆောင်ဖို့အတွက် လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး အမည်နဲ့ လန/၃၉ ခွင့်ပြုမိန့် ရရှိထားတဲ့ မြေဧရိယာ ၁၁ ဒသမ၂၃၉ ဧက အတွင်းက အိမ်ခြေ ရာနဲ့ချီကို ဖယ်ရှားခဲ့တာပါ။

မော်လမြိုင်မြို့မှာ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ လှိုင်ရတနာ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်းကိုတော့ ဘယ်လိုပုံစံ လုပ်ဆောင်ပြီး ဘယ်လို ပုံစံ ရောင်းချ သွားမလဲဆိုတာကိုတော့ စစ်ကောင်စီက ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြတာမရှိဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.