ဘုတလင်၊ မေ ၁
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အ ရပ်သားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၄၈ ဦးနဲ့ အမျိုးသား ၄၈ ဦး စုစုပေါင်း ၉၆ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၁ ဦး ပါဝင်ပြီး သေဆုံးသူတွေထဲမှာ ၇၂ ဦး ဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ်က Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ဗြားနီနဲ့ မတင်တင်မာတို့ နှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မ်ာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၆၅၈၉ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KPSN