မကွေး မေ ၁
မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မေ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးတွေကြဲချခဲ့တာပါ။
“တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ လေကြောင်း တိုက်ခိုက်မှုလုပ်တာကတော့ စဉ်းစားစရာပေါ့နော်။ နှစ်ဆယ့်ကိုးရက်နေ့က စခလော်ဘီ People Media မှာ တင်ထားတဲ့ ပို့စ်ကြောင့်လို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်” လို့ ယောအလင်းတန်းက ကိုအောင်ကြီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် People Media မှာတော့ ဆောမြို့နယ်စာသင်ကျောင်းအတွင်း ကာကွယ်ရေးအဖွဲ့တွေက Drop Bomb ပြုလုပ်နေတယ်ဆိုပြီး ဧပြီ ၂၉ ရက်က ဗီဒီယိုဖိုင်တင်ထားတာကို တွေ့ရပါတယ်။
တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာ စာသင်ကျောင်းကို ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းအနီး နေထိုင်သူတွေ သေဆုံးခဲ့ရတာပါ။
အဲဒီ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် မခွန်းဆက်ချိုအပါအဝင် အသက် (၆၅) နှစ် အရွယ် ဒေါ်မကြည်လေး၊ အသက် (၅၂) နှစ်အရွယ် ဒေါ်တင်တင်ခိုင်နဲ့ အသက် (၃၈) နှစ်အရွယ် ဒေါ်ပြားသာတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်းပါ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ပြည်သူ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – ယောအလင်းတန်း