ကော့ကရိတ်၊ မေ ၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တိုက်ပွဲမှာ ဗိုလ်ဘိခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့က စစ်ကောင်စီဘက်က ကူတိုက်ပေးနေသလို စစ်ကောင်စီကလည်း စစ်လက်နက်ခဲယမ်းပစ္စည်းအများအပြား ကူညီပံ့ပိုးနေတယ်လို့ DKBA ခွဲထွက်အဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်-ကျုံဒိုး အာရှလမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တို့က ပြီးခဲ့တဲ့ ဧ ပြီလပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာ မေ ၁ ရက်နေ့အထိ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ပါတယ်။

ကော့ကရိတ်-ကျုံဒိုးလမ်း တိုက်ပွဲအတွင်း ဗိုလ်ဘိခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့က စစ်ကောင် စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးနေပြီး အဲဒီလမ်းပိုင်းမှာရှိတဲ့ စခန်းတွေကနေ ထွက်ခွာသွားဖို့ KNLA ဘက်က အသိပေးခဲ့ပေမယ့် ဗိုလ်ဘိက လိုက်နာမှုမရှိဘဲ ဆက်လက်တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သူတို့ကို ကူညီတိုက်ခိုက်ပေးနေတဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ဘိကို စစ်လက်နက်ခဲယမ်းပစ္စည်းအများအပြား ကူညီပံ့ပိုးပေးထားခဲ့တဲ့အပြင် စီးပွားရေးအတွက် ဂိတ်စခန်းဖွင့်လှစ်တာတွေ လုပ်ပိုင်ခွင့်စတဲ့ အခွင့်အရေးတွေကို ပေးအပ်ခွင့်ပြုထားတယ်လို့လည်း DKBA ခွဲထွက်အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိ စစ်ရေးပြင်းထန်နေဆဲတိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့ရဲ့ ခေါင်းဆောင်ဗိုလ်ဘိက သူ့ရဲ့ တပ် သားအများအပြားကို ကော့ကရိတ် ကျုံဒိုးစစ်ဆင်ရေးအတွင်း ထပ်မံပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဗိုလ်ဘိခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ဟာ လက်ရှိမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကျောက်တလုံး ဝင်းဒရယ်အနီးမှာ ဌာနချုပ်အဖြစ်ထားပြီး တပ်စွဲနေထိုင်ကာ ကော့ကရိ-ကျုံဒိုး လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့အတူ စခန်းချတပ်စွဲနေထိုင်တာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဗိုလ်ဘိဟာ အရင်က စစ်ကောင်စီ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၂၂ က တပ်ရင်းမှူး တစ်ဦးဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ BGF ကနေ နှုတ်ထွက်ခဲ့ကာ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ထံ ပြန်လည်ရောက်ရှိခဲ့ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်လောက်မှာ ဗိုလ်ဘိတို့ DKBA ခွဲထွက်အဖွဲ့ဟာ အင်အားအနည်းငယ်နဲ့ ဘားအံမြို့နယ် ကြာအင်းပေါ်တော်မူဆရာတော်ထံ ပြန်လည်ရောက်ရှိခိုလှုံလာခဲ့ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူထားတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.