သိမ်ဇရပ် ၊ ဧပြီ ၃၀
ပဲခူးတိုင်းနဲ့မွန်ပြည်နယ်အစပ်ဖြစ်တဲ့ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သိမ်ဇရပ်မြို့ထံ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်လာကြတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကစလို့ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်နေပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ် သိမ်ဇရပ်မြို့ထံ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြပြီး လတ်တလောမှာ စားနပ်ရိက္ခာ အကူ အညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာ သိမ်ဇရပ်မြို့ပေါ် ၇ ရပ်ကွက်စလုံးက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေနဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်နေကြပါတယ်။
ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေတဲ့ စစ်ရှောင်တွေဟာ နေထိုင်စရာ၊ အိမ်သာ၊ သောက် ရေသုံးရေတွေအတွက် အဆင်ပြေကြပေမယ့် စားသောက်စရာ အကူအညီ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ဝေါမြို့နယ်နဲ့သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေမှာ မနေရဲတော့ဘဲ သိမ်ဇရပ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြရတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ဘေးရှောင်လာသူတွေဟာ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ သူရဲသမိန်၊ လက်ပန်၊ ဆင်ရွာနဲ့စက်စုရွာတွေက ဒေသခံတွေ ပါဝင်သလို သိမ်ဇရပ်မြို့အနီးက ခရွဲ၊ မုက္ခမော၊ ချောင်းဝ၊ သုံးခွကျေးရွာတွေက ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Simsa Kasa