လောင်းလုံး၊ ဧပြီ ၂၉
တနင်္သာရီတိုင်ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့ ပေါ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဧပြီ ၂၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အင်အား ၆ ဦး ဝန်းကျင်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက လောင်းလုံးမြို့ပေါ် အထက ၁ စာသင်ကျောင်းနားမှာ ပစ်ခတ်တိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လောင်းလုံးမြို့မရဲစခန်းနဲ့ စရဖရုံးက လက်နက်ကြီးနဲ့ ပစ်ကူပေးတဲ့အပြင် ပင်လယ်ပြင်အတွင်းရှိ စစ်သင်္ဘောကလည်း စမ်းလှန်းရွာအရှေ့ကို မောင်းဝင်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF