ဝါရှင်တန်၊ ဧပြီ ၂၉

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်နေမှု အဆုံးသတ်ရေး အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ဒေသကို ပြန်လည် သိမ်းယူရမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ရုရှား စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။

ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ သူရဲကောင်းတွေ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပြီး ရုရှားဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားကြောင်း ပထမဆုံး အတည်ပြုခဲ့ပါတယ်။

ရုရှား- ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယား တိုက်ရိုက် ပါဝင်နေမှု အဆုံးသတ်ရမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၂၈ ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း မြောက်ကိုရီးယားလို တိုက်ရိုက် ပါဝင်နေတဲ့ တတိယနိုင်ငံအနေနဲ့ တာဝန်ယူမှုတွေ ရှိရမယ်လို့ အဲဒီ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ တရားမျှတမှုအတွက် တိုက်ပွဲ ဝင်နေတာ ဖြစ်ပြီး သူတို့ဟာ အမိမြေကို ဂုဏ်တက်စေတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့တာပါ။

မြောက်ကိုရီးယားက ရုရှားကို ကူညီပေးဖို့ တပ်ဖွဲ့ဝင် ၁၁၀၀၀ ချထားတဲ့ ထဲက ထောင်နဲ့ချီပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း ဗြိတိန် ထောက်လှမ်းရေးက ပြောထားပါတယ်။

ရုရှားဖက်ကနေ ကူညီ တိုက်ခိုက်ပေးရင်း ကျဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုင်ငံတော်အဆင့် ဂုဏ်ပြုပေးသွားမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုထားပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.