“တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့ အားပျော့နေတဲ့ အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်း တိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်” – တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတား
အာဏာသိမ်းကာလ ၄ နှစ်ကျော်လာတဲ့အထိ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းနေဆဲ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေက ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ထုံခါ-မောတောင်လမ်းပိုင်းကို စိုးမိုးမှု ရယူနိုင်ဖို့ ဆက်တိုက် တိုက်ခိုက်မှုတွေ ရှိနေသလို တော်လှန်ရေးတပ်တွေ ရှိတဲ့ ထားဝယ်နဲ့ မြိတ်ခရိုင်က မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိ တနင်္သာရီတိုင်းထဲက စစ်ရေးအခြေအနေတွေ ဘယ်လို ရှိနေပါသလဲ။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ရသူတွေက အခြေအနေ၊ လာမယ့် မိုးရာသီကာလ စစ်ရေးဖော်ဆောင်မှု အလားအလာ အခြေအတွေ သိရနိုင်ဖို့ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတားနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။
ဖြေ – တနင်္သာရီတိုင်းထဲမှာဆိုရင် ထားဝယ်ခရိုင် လေးမြို့နယ်၊ မြိတ်ခရိုင် လေးမြို့နယ်မှာ မကြာခဏ တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်။ ရန်သူဖက်ကလည်း စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ရှိနေသလိုပဲ တော်လှန်ရေးအင်အားစုတွေဖက်ကနေ ပြောက်ကျားစစ်တွေနဲ့ ပုံမှန်တိုက်ခိုက်မှုတွေ ရှိနေပြီး စခန်းသိမ်းတိုက်ပွဲ တချို့ကိုလည်း တိုက်ခိုက်အောင်မြင်ခဲ့တာရှိတယ်။
ဘုတ်ပြင်းနဲ့ကော့သောင်းဖက်မှာတော့ စစ်ရေးတင်းမာတဲ့အနေအထား သိပ်မရှိပေမယ့် မကြာခဏ ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ဘုတ်ပြင်းမြို့နယ်မှာ ဒီလထဲမှာပဲ ပျူစောထီးတွေကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တာတွေ ရှိပါတယ်။
ခြုံငုံပြီးပြောရရင် ဒီနှစ်ထဲမှာ တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ မြို့နယ်လုံးမှာ စစ်မျက်နှာဖွင့်ပြီး တော်လှန်ရေးအင်အားစုတွေဖက်က တိုက်ပွဲဝင်နေတဲ့အနေအထားရှိပါတယ်။
မေး – တိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှု အခြေအနေရာ ဘယ်လိုရှိလဲ။
ဖြေ – လက်ရှိ စစ်ကြောင်းထိုးနေတာက ထားဝယ်ရေနက်ဆိပ်ကမ်းဒေသနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ထုံခါ- မောတောင်လမ်းအပိုင်းကို စစ်ကောင်စီဖက်ကနေ စစ်ကြောင်းထိုးနေတာရှိတယ်။
မေး – လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ တနင်္သာရီမြို့နယ်ထဲက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရဲ့ စစ်ရေး အခြေအနေရော ဘယ်လိုရှိပါသလဲ။
ဖြေ – တနင်္သာရီမြို့နယ်ထဲက နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ထုံခါ-မောတောင်လမ်းကို စစ်ကောင်စီဖက်က တပ်ရင်း ၅ ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာ ဖြစ်တယ်။ အခုဆိုရင် အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာ လေးလကျော်နေပါပြီ။
သူတို့ရဲ့ ရည်မှန်းချက်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းအပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဖြစ်တယ်။ ထုံခါလမ်းဆုံကနေ မောတောင်မြို့အထိ နယ်မြေရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။
ဒါပေမယ့် သူတို့ ရည်မှန်းချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုတောင် အောင်မြင်အောင် မလုပ်နိုင်သေးဘူး။ ထုံခါလမ်းဆုံနဲ့ ငါးမိုင်လောက်သာ အကွာအဝေးရှိတဲ့ သိန်ခွန်းရွာအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကိုခံနေရပြီး ရှေ့ဆက်မတိုးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီနေရာမှာ နှစ်ဖက်ကျဆုံးမှုတွေ ရှိနေပါတယ်။
ရန်သူဖက်မှာ ပိုပြီး အထိနာနေပြီး စစ်ကြောင်းထဲက ထွက်ပြေးခိုလှုံလာတဲ့ တပ်သားတွေ ကျနော်တို့ဆီမှာ ရှိတယ်။ အဲဒီစစ်ကြောင်းကနေ ထွက်ပြေးသွားတဲ့ ၁၀၃ တပ်ရင်းမှူးကိုလည်း မြိတ်ခရိုင် တပ်ရင်း ၁ က ဖမ်းဆီးရမိထားတာရှိတယ်။
မေး – တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ ဒရုန်းအပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေရော ဘယ်လိုရှိပါသလဲ။
ဖြေ – သူတို့ (စစ်ကောင်စီ) ဖက်က လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်ခဲ့သလို ကျေးရွာတွေဖက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ ရွာသားတချို့ ထိခိုက်သေဆုံးခဲ့ပြီး ထုံခါ၊ တာပလပ်၊ ချောင်းလမု၊ သိန်ခွန်းရွာတွေက ရွာသားတွေ စစ်ဘေးရှောင်နေရတယ်။
မေး – စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာရေး အခြေအနေကရော ဘာတွေဆက်ဖြစ်နေလဲ။ အဲဒီ ကလေးငယ်တွေကရော ဘာတွေ စိုးရိမ်ထိန့်လန့်မှုတွေ ရှိမယ်ထင်လဲ။
ဖြေ – စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သူတို့ရဲ့နေရပ်ကို ပြန်နေဖို့ အခက်အခဲရှိတယ်။ စစ်ကောင်စီက ရွာတွေထဲရောက်လာရင် ရွာသားတွေကို ဖမ်းဆီးတာတွေ ရှိတယ်။
နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံထားရတယ်။ နေထိုင်ဖို့တောင် မလုံခြုံသေးတော့ ကလေးတွေရဲ့ပညာသင်ကြားနိုင်ရေးက မလွယ်ဘူး။ စစ်ဘေးရှောင်တဲ့နေရာတွေမှာပဲ ဖြစ်သလို သင်ကြားရမယ့် သဘောရှိတယ်။
စစ်ကောင်စီ မဝင်ရောက်နိုင်တဲ့ရွာတွေမှာလည်း လက်နက်ကြီးနဲ့လေကြောင်းရန်ကြောင့် ကျောင်းဖွင့်နိုင်ဖို့ မလွယ်ကူသေးဘူး။ စစ်ဘေးလွတ်မယ့် နေရာတွေမှာပဲ ကလေးတွေကိုထားပြီး ပညာသင်ပေးရမယ့်အခြေအနေ ရှိနေပါတယ်။
မေး – နောက်ဆုံးအနေနဲ့ လာမယ့် တစ်လကျော်ဆိုရင် မိုးတွင်းကာလလည်း ရောက်လာတော့မယ်ဆိုတာ့ တိုင်းထဲက စစ်ရေး လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိမယ်လို့ ထင်ပါသလဲ။
ဖြေ – ပုံမှန်အားဖြင့်ဆိုရင်တော့ မိုးတွင်းရာသီကိုရောက်ရင် တပ်ရင်းတပ်ဖွဲ့တွေက လေ့ကျင့်တာ၊ စုဖွဲ့တာ၊ စုဆောင်းတာ စတဲ့လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ကြတယ်။ ဒီမိုးရာသီကတော့ စစ်ရေးပါ တွဲပြီး လုပ်ရမယ့် အနေအထားရှိတယ်။
ဘာကြောင့်လဲဆိုတော့ ရန်သူဖက်ကလည်း စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေပြီး တော်လှန်ရေးတပ်တွေဖက်ကလည်း ရန်သူကို လုံးဝ အနားမပေးဘဲ ဟန်ချက်ညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်နေမှာ ဖြစ်လို့ပါပဲ။
မိုးတွင်းကာလမှာဆိုရင် ရန်သူ့ဖက်မှာ ရှေ့တန်းတပ်စခန်းတွေကို အုပ်ချုပ်ထောက်ပံ့မှု ပိုခက်ခဲလာပါလိမ့်မယ်။ တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့ အားပျော့နေတဲ့ အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်း တိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်။
အဲဒါအပြင် မဟာမိတ်တပ်တွေအားလုံး ပိုပြီး ပေါင်းစည်းမိလာပြီဖြစ်လို့ စစ်ရေးပိုပြီး တင်းမာမယ့် နှစ်တစ်နှစ်လို့ ပြောနိုင်ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း