နေပြည်တော် ၊ ဧပြီ ၂၉
လက်ရှိ မြန်မာပြည်သူလူထုအပေါ် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံက လျစ်လျူမရှုဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ ထိရောက်စွာ အကူအညီပေးနိုင်မှာ မဟုတ်ဘူးလို့ ဧပြီ ၂၉ ရက်နေ့မှာ ထုတ်လွှင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားအစီအစဉ်မှာ ပြောကြားခဲ့တာပါ။
အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီရဲ့ အပစ်ခတ်ရပ်စဲရေးဟာ စစ်ခေါင်းဆောင် BIMSTEC အစည်းအဝေးမတက်ခင် အသံ ကောင်းဟစ်ချင်လို့ ကြေညာတာလို့ ဦးကျော်ဇော်က ဝေဖန်ပါတယ်။
တချိန်တည်းမှာပဲ အပြစ်မဲ့အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဆက်လက်လုပ်ဆောင်နေပြီး ငလျင်ဒဏ်ကြေင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ်မှာ ရက်ရက် စက်စက် ကျူးလွန်နေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ငလျင်ဖြစ်ပွားချိန်ကစပြီး ဧပြီ ၂၅ ရက်နေ့အထိ နေပြည်တော်နဲ့ ရန်ကုန်ကလွဲရင် ကျန်ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၄၀၀ နီးပါးရှိခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေဟာ ငလျင်ဒဏ်ပြင်းထန်းစွာ ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာတင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၅၂ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၀ ဦးနဲ့ ဒဏ်ရာရသူ ၁၂၁ ဦးအထိ အများဆုံးရှိခဲ့ပါတယ်။
အလားတူ မန္တလေးတိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၄၈ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၉၇ ဦး အထိ ဒုတိယအများဆုံး ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။
ဒီလိုမျိုး အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့လုပ်ရပ်တွေကို နိုင်ငံတကာ၊ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်တွေကနေ အမြတ်ထုတ်မှုတွေကို သတိထားစောင့်ကြည့်ကြဖို့ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ငလျင်ကြောင့် ဒုက္ခရောက်နေသူတိုင်းကို အကူအညီပေးရာမှာ အနှောင့်အယှက်အတားအဆီး မပြုဖို့ စစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့လည်း တရားဝင်တွေ့ဆုံဆွေးနွေးခဲ့တာပါ။
NUG နဲ့ တွေ့ဆုံခဲ့မှုအပေါ် ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်နိုင်အောင် ဦးတည်မယ့် အားလုံးပါဝင်တဲ့ ဒေသဆိုင်ရာဆွေးနွေးပွဲတွေဖြစ်ဖို့ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်တယ်လို့ မြင်မိကြောင်း သူက ဆိုပါတယ်။
ဒါ့အပြင် အကျိုးရှိတဲ့ နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်မှန်းထားပြီး NUG နဲ့ မဟာမိတ် K3C တို့ရဲ့ ဘုံသဘောထားရပ်တည်ချက်မှာ ကြေညာထားတဲ့ အချက် ၆ ချက်ကို အခြေခံပြီး စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
မြန်မာ့အကျပ်အတည်း ပြေလည်ရေး စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပြီး အာဆီယံအဖွဲ့အနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင် ထိတွေ့ကာ နိုင်ငံရေးအဖြေရှာဖို့ လုပ်ဆောင်ခြင်းကသာ ရေရှည်တည်တံ့တဲ့ တည်ငြိမ်မှုကို ရနိုင်တဲ့ တခုတည်းသော နည်းလမ်းလို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU