ဝါရှင်တန်၊ ဧပြီ ၂၈

သမ္မတ ဒေါ်နယ် ထရန့် ပြဌာန်းထားတဲ့ အခွန်အတုပ်တွေကြောင့် မိတ်ဖက်နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာတောင် ကန့်ကွက် ပြစ်တင်မှုတွေနဲ့ အမေရိကန်အရာရှိတွေ ရင်ဆိုင်နေရတဲ့အတွက် သူ့အနေနဲ့ နောက်ပြန်ဆုတ်ဖို့ အသင့်ပြင်ထားတာ ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဘီဘီစီ ဆောင်းပါးမှာ ဖော်ပြပါတယ်။

သမ္မတ ထရန့်ရဲ့ အခွန် တိုးမြှင့်ပြဌာန်းမှုကြောင့် ကမ္ဘာ့စီးပွားရေး လည်ပတ်မှုပုံစံ သမိုင်းဝင် ပြောင်းလဲသွားနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနေပါတယ်။

အမေရိကန်ရဲ့ အခွန် အများဆုံး တိုးမြှင့်ခံထားရတဲ့ တရုတ်ကတော့ အမေရိကန်ကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး အဆုံးအထိ တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဝါရှင်တန်နဲ့ကုန်သွယ်ရေး သဘောတူညီမှု ရယူဖို့ ကြိုးပမ်းရာမှာလည်း အမေရိကန် ကျေနပ်စေရုံ သက်သက် မလုပ်ဆောင်ကြဖို့ ဘေဂျင်းက နိုင်ငံအများကို တိုက်တွန်းထားပါတယ်။

အမေရိကန်ကို ကျေနပ်အောင် လုပ်ပေးရုံနဲ့ ငြိမ်းချမ်းရေး ရရှိလာမှာ မဟုတ်ဘူးလို့ ဘေဂျင်းက ပြောထားပါတယ်။

ကုန်သွယ်ရေး လိုငွေပြမှု ကျဉ်းမြောင်းစေရေး အခွန်တွေ တိုးမြှင့် ပြဌာန်းတာ ဖြစ်တယ်လို့ ထရန့် ပြောထားပြီး တရုတ်ကို အခွန် အများဆုံး ပြဌာန်းထားတာပါ။

ထရန့်ရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာ့ဈေးကွက်တွေ ကမောက်ကမ ဖြစ်သွားခဲ့ပြီး စားသုံးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်တကြီး ဖြစ်သွားခဲ့ရပါတယ်။

ထရန့်က တရုတ်က လွဲပြီး တခြားနိုင်ငံတွေအတွက် ပြဌာန်းထားတဲ့ အခွန်တွေကို ရက် ၉၀ ကြာ ဆိုင်းငံ့ပြီး ကုန်သွယ်ရေး သဘောတူညီမှု ရယူကြဖို့ ပြောဆိုထားပါတယ်။

တခြားနိုင်ငံတွေက အမေရိကန်ကုန်စည်တွေအပေါ် လက်တုံ့ပြန် အခွန် တိုးမြှင့်မှုတွေ လုပ်ဆောင်လာနေပြီး အမေရိကန် စီးပွားရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကြောင့် ထရန့်အနေနဲ့ အခွန် ပြဌာန်းမှုတွေကနေ နောက်ဆုတ်ဖို့ အသင့်ပြင်ထားတဲ့ လက္ခဏာတွေ တွေ့မြင်နေရတယ်လို့ ဘီဘီစီ ဆောင်းပါးမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.