စစ်တွေ ဧပြီ ၂၈
ဧပြီ ၂၇ ရက်မှာ တရုတ် ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံမှုတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရိုဟင်ဂျာအများစုရှိတဲ့ ဒေသမှာ လွတ်လပ်တဲ့အာရက္ခပြည်နယ်တစ်ခု ထူထောင်ဖို့ အဆိုပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားရာမှာတော့ ပါတီအလုပ်အမှုဆောင် ကော်မတီဝင် Jamaat Nayeb-e-Ameer Syed Abdullah Md Taher က “ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းဟာ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပါတယ်။ သူတို့ဟာ လူသားမဆန်တဲ့ဘဝမှာ နေနေကြရပါတယ်။ အစားအသောက်နဲ့ နေထိုင်စရာထောက်ပံ့ပေးတာဟာ အဖြေ မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။” လို့ ပြောပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်မြေပေါ်မှာ အခြေချစေဖို့ဆိုတာ အဖြေဖြစ်ပြီး လွတ်လပ်တဲ့ အာရက္ခပြည်နယ်အသစ်တစ်ခု အဆိုပြုတောင်းဆို ခဲ့တာ ဖြစ်ပါတယ်။
“တရုတ်ဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ဒီနေရာက ကြီးမားတဲ့အခန်းကဏ္ဍမှာ တရုတ် ပါဝင်နိုင်ပါတယ်” လို့ Taher က ပြောပါတယ်။ ပါတီအချင်းချင်း တွေ့ဆုံမှုမှာတော့ ဒေသတွင်း လုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
သူက “ဒေသတွင်းမှာရှိတဲ့ဘယ်သူကမှ တစ်ယောက်နဲ့တစ်ယောက်အပေါ် ရန်လိုတဲ့ သဘောထားမရှိပါဘူး” လို့ ပြောပါတယ်။
တရုတ် ကွန်မြူနစ်ပါတီ CCP နဲ့ Jamaat ပါတီတို့ကြား ဆက်ဆံရေး တိုးမြှင့်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပမလဲဆိုတာနဲ့ အကြံပေးမှူးချုပ်က ချထားပေးတဲ့အချိန်ဇယားအတိုင်း ပါတီတွေ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို တရုတ်ကိုယ်စားလှယ်တွေဘက်က သိရှိလိုတယ်လို့လည်း Taher က ပြောပါတယ်။
ဘေကျင်းအစိုးရက တခြားဘယ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ဝင်ရောက်နှောင့်ယှက်မှာမဟုတ်ကြောင်း၊ အဲဒီလိုပဲ ဘင်္ဂလားဒေ့ရှ်အပေါ်ကိုလည်း အလားတူမူဝါဒမျိုး ချမှတ်ထားတယ်လို့ တရုတ်ကိုယ်စားလှယ်တွေဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ပါတီနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ကိုတော့ ပါတီဗဟိုကော်မတီ အရှေ့တောင်နဲ့ တောင်အာရှရေးရာ နိုင်ငံတကာဗျူရိုမှ ဖန်ကျူဘင်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
Ref:tbsnews