ဆိုးလ်၊ ဧပြီ ၂၈
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားဘက်ကနေ ကူတိုက်ပေးဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက ပထမဆုံး အကြိမ် အတည်ပြုလိုက်ပါတယ်။
နိုင်ငံပိုင် KCNA သတင်းဌာနက ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညွှန်ကြားချက်နဲ့ ရုရှားရဲ့ ကာ့စ်ဒေသ လုံးဝ လွတ်မြောက်ဖို့ မြောက်ကိုရီးယား စစ်သားတွေက ရုရှား စစ်သားတွေကို ကူညီပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ သူရဲကောင်းဆန်မှုနဲ့ ပတ်သက်လို့ ရုရှား စစ်ဖက်ဆိုင်ရာ အကြီးအကဲ ဗာလီရီ ဂီရာစီမော့က ချီးကျူးခဲ့ပြီး ရက်ပိုင်းအကြာမှာ ပြုံးယမ်းရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါက မြောက်ကိုရီးယား စစ်သားတွေ သူတို့ဘက်က ပါဝင် တိုက်ခိုက်ပေးနေကြောင်း မော်စကိုရဲ့ ပထမဆုံး လူသိရှင်ကြား ပြောဆိုမှု ဖြစ်ပါတယ်။
မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၁၀၀၀ ကို ရုရှားဆီ စေလွှတ်ထားပြီး အဲဒီထဲက ၁၀၀၀ ဟာ ပြီးခဲ့တဲ့ သုံးလ တွင်း တိုက်ပွဲကျသွားပြီ ဖြစ်ကြောင်း အနောက်တိုင်းအရာရှိတွေက ပြောထားပါတယ်။

နိုင်ငံအနောက်ပိုင်းရှိ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ဒေသကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ ရုရှားက ပြောပေမယ့် ယူကရိန်းက ပယ်ချထားပါတယ်။
ရုရှားသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာက နှစ်နိုင်ငံကြား ကာကွယ်ရေး သဘောတူညီမှုနဲ့အညီ ဖြစ်တယ်လို့ KCNA က ဖော်ပြပါတယ်။
တရားမျှတမှုအတွက် တိုက်ခိုက်သူတွေဟာ အားလုံး သူရဲကောင်းတွေ ဖြစ်ပြီး အမိနိုင်ငံကို ဂုဏ်တက်စေတဲ့ ကိုယ်စားလှယ်တော်တွေ ဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။
ပြည်ပရန်စမှုနဲ့ ရင်ဆိုင်လာရတဲ့ အခြေအနေမှာ နှစ်နိုင်ငံ အပြန်အလှန် ကူညီဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ သဘောတူ လက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ လေ့ကျင့်သား မပြည့်ဝသေးသူတွေ ဖြစ်တယ်လို့ ဗြိတိန်စစ်တပ်က ပြောထားပေမယ့် ယူကရိန်းကတော့ မြောက်ကိုရီးယား စစ်သားတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
Ref:BBC