မော်လမြိုင် ၊ ဧပြီ ၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ဘက်အကျဉ်းထောင်တွေနဲ့အချုပ်ခန်းတွေကို ဥပဒေနဲ့အညီ စစ်ဥပဒေရုံးက စစ်ဆေးသွားမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
အဲဒီစစ်ဘက်အကျဉ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီ ၂၄ ရက်နေ့ ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅) ကို အတည်ပြုထုတ်ပြန်ခဲ့တာပါ။
ပြစ်ဒဏ်ကျခံနေရသူတွေ၊ အချုပ်ခံနေရသူတွေနဲ့ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ခံစားနိုင်ရေးနဲ့ အမှုတွေ စစ်ဆေးရာမှာ ကြန့်ကြာမှုမရှိစေရေး စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှုဖို့ ဖြစ်ပါတယ်။
စစ်ဘက်အကျဉ်းထောင်တွေနဲ့ အချုပ်ခန်းတွေမှာ အကျဉ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှုစတဲ့ အခွင့်အရေးတွေရရှိခြင်း ရှိ/မရှိ စစ်ဆေးကြည့်ရှုရမယ်လို့ ဖော်ပြထားတာပါ။
ဒါ့အပြင် အမှုတွေ စုံစမ်းစစ်ဆေးရာမှာ ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ဖို့စတဲ့ ညွှန်ကြားချက်တွေ ပါဝင်တယ်လို့ အသိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။
တည်မြဲအမိန့်ထုတ်ပြန်ချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG