သထုံ၊ ဧပြီ ၂၆
မွန်ပြည်နယ် သထုံမြို့ပေါ်မှာ ညပိုင်း ရဲတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေဟာ ဧပြီတတိယအပတ်ကစပြီး ပေါ်တော်မူကျေးရွာဘုရားအရှေ့ ကားလမ်းမဘေး၊ သထုံရွှေစာရံဘုရားအဝိုင်း၊ မြို့အထွက် ဘီးခွန်ဂိတ်နေရာတွေမှာ စစ်ဆေးမှုပြုလုပ်ပြီး ညပိုင်းသွားလာသူတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ အထူးသဖြင့် ညပိုင်းမှာ အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူစီးတာ၊ အမျိုးသားတစ်ဦးတည်း ဆိုင်ကယ်စီးလာတာတွေ တွေ့ပါက စစ်ဆေးပြီး ဖမ်းဆီးငွေညှစ်နေတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ရဲစခန်းထံ ခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ တောင်းခံတာတွေ ရှိသလို လမ်းမှာပဲ ပါသလောက်ငွေ တောင်းယူပြီး ပြန်လွှတ်လိုက်တာတွေလည်း ရှိနေတာပါ။
တဖက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့တွင်း လှည့်လည်တာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် လူနေများတဲ့ နေရာတွေမှာ ဧည့်စာရင်း စစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေ ပြုလုပ်နေတာပါ။
အခုလို ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူကို အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေထံ တိုင်ကြားပါကလည်း အရေးမယူတဲ့အပြင် တိုင်ကြားသူတွေပါ ခြိမ်းခြောက်ခံရတာတွေ ရှိနေပါတယ်။
မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဖမ်းဆီးငွေညှစ်နေပေမယ့် နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကယ်ခိုးမှု အပါအဝင် ခိုးဆိုးလုနှိုက်မှုတွေကိုတော့ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသလောက် နည်းပါးနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ