သထုံ၊ ဧပြီ ၂၇
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်မှာ စစ်ကောင်စီဘက်က ကင်းပုန်းတွေ ပိုမိုတိုးချလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီတတိယအပတ်လောက်ကစပြီး ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့နယ်အကြား လမ်းပိုင်းတွေမှာ ကင်းလှည့်တာနဲ့ ကင်းပုန်းဝပ်တာတွေ ပိုမိုတိုးမြှင့်လာတာ ဖြစ်ပါတယ်။
ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတဲ့နေရာတွေမှာ ကင်းပုန်းတွေ ပိုမိုတိုးမြှင့်ထားပြီး တစ်ဖွဲ့လျှင် အနည်း ဆုံးအင်အား ၂၀ ကနေ ၃၀ အထိ အသုံးပြုထားပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၂၀ နီးပါး ရှိပြီး အဲဒီစစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က ကင်းပုန်းတွေ ပိုမိုတိုးမြှင့်ထားတဲ့အတွက် ခရီးသွားလာရာမှာ အရင်ကထက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်မှာ အခုလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ