ဘုရားသုံးဆူ၊ ဧပြီ ၂၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းတွင်းကို ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မက်သာကျေးရွာအနီးရှိ ခဲမိုင်းသတ္တုတွင်း အမှတ် ၂ နဲ့ အမှတ် ၅ ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးသီးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မက္ကသာကျေးရွာအနီးရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ လေယာဉ်ဟာ မနက်အစောပိုင်းကစပြီး သတ္တုမိုင်းတွင်း အနီးဝန်းကျင်မှာ သုံးကြိမ်ထက်မနည်း တပတ်ပြီးတပတ် ဝဲပျံသန်းကာ ဗုံးသီးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲခံရပြီးနောက် သတ္တုတွင်း အလုပ်သမား အများအပြား ဝရုန်းသုန်းကား ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထပ်မံဗုံးကြဲမယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ကြောက်လန့်မှုတွေ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီသတ္တုမိုင်းတွင်းတွေဟာ စစ်အစိုးရ လက်ထက်ကတည်းက ခွင့်ပြုမိန့်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သတ္တုတွင်းလုပ်ငန်းတွေကို ထိုင်း၊ တရုတ်နဲ့ ဆက်စပ်ကုမ္ပဏီတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း မက္ကသာကျေးရွာအနီးရှိ အမှတ် ၆ သတ္တုမိုင်းတွင်းလုပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းက‌နေ ဗုံးကြဲခဲ့တာကြောင့် တရုတ်နိုင်ငံသားအပါအဝင် အပါအဝင် မိုင်းတွင်းလုပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – ၂၀၂၂ ခုနှစ်က မက္ကသာကျေးရွာအနီးရှိ အမှတ် ၆ သတ္တုမိုင်းတွင်းလုပ်ကွက် ဗုံးကြဲခံရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.