လားရှိုး ၊ ဧပြီ ၂၇
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ ရှမ်းမြောက်ရှိ လား ရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာရတာဟာ နိုင်ငံရေးဖိအားတွေကြောင့်လို့ ကိုးကန့်တပ် MNDAA ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
ရှစ်လကျော်ကြာ လားရှိုးမြို့ကို ကျန်းမာရေးဝန်ဆောင်မှုတွေ အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးဖိအားများစွာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရတယ်လို့ ပြောဆိုကြောင်း The Kokang မီဒီယာကနေ ဧပြီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်လာတာပါ။
MNDAA က လားရှိုးမြို့ကို သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပြန်လည်ထူထောင်ရေးကာလတွေမှာ အခက်အခဲစိန်ခေါ်မှုများစွာကြားထဲက ကျန်းမာရေးကဏ္ဍကို အောင်မြင်စွာစတင်လည်ပတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့် အထူးဒေသ (၁) ကျန်းမာရေးဝန်ထမ်းတွေဟာ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ကစပြီး အခုနှစ် ဧပြီ ၈ ရက်နေ့အထိ အပြင်လူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၉၅၂၅၀ ကျော် ဆေးကုသပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
MNDAA တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ချိန်မှာ ဆေးရုံက စက်ပစ္စည်းနဲ့ ဆေးဝါးတချို့ ယူဆောင်သွားခဲ့တာရှိပြီး ကျောက်ကပ်ဆေးတဲ့စက်ကိုတော့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့ အခုနှစ် ဇန်နဝါရီမှာ တွေ့ဆုံဆွေးနွေးခဲ့မှု သဘောတူညီချက်အရ မြန်မာနှစ်သစ်ကူးအပြီး ဧပြီ ၂၁ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်ထားတဲ့ စစ်ယာဉ်တန်းတွေနဲ့အတူ ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ လားရှိုးမြို့ကို ဝင်ရောက်လာပြီး မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုမှာ ပြန်လည်နေရာယူမှာ ဖြစ်ပါတယ်။
ဒီအတွက် ဒေသဆိုင်ရာအုပ်ချုပ်ခွင့် ပြန်လည်လွှဲအပ်မှုအပေါ် မြန်မာ့အရေးမှာ ကြားဝင်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံက ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ထားတာပါ။
အဲဒီအဖွဲ့ဟာ စစ်ကောင်စီနဲ့ MNDAA တို့ကြား ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည်သွားမှာဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံသွားမယ်လို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားထားတာပါ။
လေ့လာသူတွေကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးကတည်းက တရုတ်အစိုးရဟာ တိုက်ပွဲရပ်တန့်ဖို့နဲ့ မြို့ကနေ ပြန် လည်ဆုတ်ခွာဖို့ ဖိအားပေးခဲ့တာလို့ ထောက်ပြကြပါတယ်။
MNDAA ကို ဖြတ် ၅ ဖြတ်နဲ့ လားရှိုးမြို့ကနေ မဆုတ်မခြင်း တရုတ်အစိုးရက အရေးယူခဲ့တာကြောင့် နိုင်ငံရေးအရ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လက်ခံခဲ့ပြီး ရလဒ်အရ နှစ်ဘက်အပစ်ခတ်ရပ်စဲရေးကနေ MNDAA ဟာ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တရုတ်အစိုးရအနေနဲ့ မြန်မာ့အချုပ်အခြာအာဏာပိုင်ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်နေတာလို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် စစ်ခေါင်းဆောင်ကတော့ တရုတ်နဲ့ စစ်တပ် ညီ ညွတ်မှုကို သွေးခွဲနေသူတွေရှိလို့ သတိထားဖို့ စစ်တပ်အရာရှိတွေကို ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/The Kokang