ထားဝယ်၊ ဧပြီ ၂၆
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ဟာလီးကွေ့နားမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး မောင်မယ်ရှောင်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း ဇဟာကျေးရွာကနေ မောင်မယ်ရှောင်ကျေးရွာထံ ဆိုင်ကယ်နဲ့ပန်းလာရောင်းတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် လင်မယားတွေဖြစ်တဲ့ ကိုမျိုးကျော်နဲ့ မဆွေဇင်အောင်တို့ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း မောင်မယ်ရှောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာနှစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီတိုက်ပွဲဟာ နေ့လည် ၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံး ခြောက်လုံးထက်မနည်း လာရောက်ကြဲချသွားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ထားဝယ်-မြိတ်ကားလမ်းမှာ ခရီးသွားကား ရာချီပိတ်မိနေပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်ကနေ စစ်ကူပေးဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း တောင်သုံးလုံးကျေးရွာနဲ့ ကျောက်မဲတောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး စာသင်ကျောင်းအဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF