သရက်ချောင်း၊ ဧပြီ ၂၆
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက် ပွဲဖြစ်ပွားနေတဲ့ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညပိုင်းဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။
သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာမှာရှိတဲ့ ဝင်းဝစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် နေ့စဉ်ရက်ဆက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ဧပြီ ၂၄ ရက်နေ့ကစပြီး ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ နေ့ရက်စဉ်ရက် ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ၆၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်အစပ်က ပလောက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေတာကြောင့် စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပြတ်လတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက် ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေပြီး ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွဲခြံကျေးရွာက နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ရေးအခြေအနေတွေအရ သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာချိန် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးမှုကိုခံယူဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက လုံးဝ တာဝန်ယူမှာ မဟုတ်သလို မသင်္ကာဖွယ်ရာတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ