ဆင်ပေါင်ဝဲ ၊ဧပြီ ၂၆

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warroir For Myanmar-BWM ထံက သိရပါတယ်။

မနေ့ ဧပြီ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကပစ ၁၃ ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကပစ ၁၃ အတွင်းရှိ အစပျိုယမ်း (Primer) စက်ရုံ အပါ အဝင် အခြားစက်ရုံတွေ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိခဲ့တယ်လို့ Brave Warroir For Myanmar-BWM တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကပစ ၁၃ ဟာ စစ်ကောင်စီအသုံးပြုနေတဲ့ အသေးစားကျည်ဆံမှအစ အကြီးစား လေယာဉ်ဗုံးသီးအထိ ပြုလုပ်ရာမှာ အဓိကအသုံးပြုရတဲ့ Detonator နဲ့ Primer တွေကို အဓိကထုတ်လုပ်ပေးနေတဲ့စက်ရုံဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရာမှာ ကျည်ဆံမှစပြီး လက်ပစ်ဗုံးနဲ့ missile အထိ ကပစ ၁၃ ရဲ့ Primer စက်ရုံမှ ထုတ်လုပ်တဲ့ Primer တွေကို အသုံးပြု နေရတာကြောင့် အဲဒီစက်ရုံ ပျက်စီးရင် အခြားစက်ရုံမှ ထုတ်လုပ်မှုလည်း ထိခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warroir For Myanmar-BWM အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် Shadow (အညာ)၊ No More Dictatorship NMD အဖွဲ့နဲ့ Eagle Brigade အဖွဲ့တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်အစောင့်တပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BWM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.