မော်လမြိုင် ၊ ဧပြီ ၂၆
နိုင်ငံအတွင်းမှာ စက်သုံးဆီဖူလုံမှု ရှိပြီး ဈေးနှုန်းကျဆင်းလာတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲလျက်ရှိတယ်လို့ ဧပြီ ၂၃ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ထိ စက်သုံးဆီ တစ်လီတာကို ကျပ် ၃၁၀၀ ကျော်ရှိရာမှ ဧပြီ ၁၈ ရက်နေ့ကစပြီး ကျပ် ၂၈၀၀ ကျော် ကျဆင်းခဲ့တာကြောင့် ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲတယ်ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်တာပါ။
စစ်ကောင်စီက စက်သုံးဆီ ဈေးနှုန်း ကျဆင်းတယ်ဆိုပြီး ဝါဒဖြန့်ပြီးတဲ့နောက် ဧပြီ ၂၅ ရက်နေ့မှာတော့ စက်သုံးဆီတစ်လီတာကို ကျပ် ၂၉၀၀ ဝန်းကျင်ထိ ဈေးနှုန်းပြန်လည် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတစ်ဦးကတော့ စက်သုံးဆီဈေးနှုန်း တစ်ရာနှစ်ရာကျတာလောက်နဲ့ ပြည်သူတွေ ဘာမှမဖြစ်သလို ဈေးနှုန်းနှစ်ရာလောက်ကျပြီး ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူတယ်လို့ ပြောဆိုတာဟာ အရှုးစကားသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အခုကျတယ်ဆိုတာ တစ်ရာ နှစ်ရာပါပဲ။ ဒီတစ်ရာ နှစ်ရာလောက်ကတော့ ပြည်သူလူထုက ဘာမှမဖြစ်ပါဘူး။ ဒီဆီဈေးလေး နှစ်ရာလောက်ကျတာကို ပြည်သူလူထုက ပျော်နေတယ်ဆို အဲဒါက အရူးစကားတွေ၊ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာ အောက်ခြေကို ဆင်းကြည့်လိုက်လေ” လို့ ဆိုပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ အရင်အစိုးရလက်ထက်ကဈေးနှုန်း ပြန်မရောက်ဘဲ ဈေးနှုန်းကျတယ်လို့ ပြောလို့ မရသလို တစ်ရာနှစ်ရာကျရုံနဲ့ ပြည်သူစိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲနေတယ်လို့ ဝါဒဖြန့်ဟာသသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီအနေနဲ့ တစ်ပတ်စာခန့် အရန်စက်သုံးဆီရှိတဲ့အပြင် ပြည်ပ စက်သုံးဆီတင်သင်္ဘောတွေလည်း အဆက်မပြတ် ဝင်ရောက်နေတာကြောင့် ပြတ်လပ်မှု မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်တယ်ဆိုပြီး စိုးရိမ်စိတ်နဲ့ စက်သုံးဆီတွေကို မလိုအပ်ဘဲ တန်းစီမဝယ်ယူဖို့၊ အပို သိုလှောင်တာတွေ မလုပ်ဖို့နဲ့ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက စက်သုံးဆီ အပြည့်အဝ ရှိတယ်လို့ ပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ကာလတွေတုန်းက စက်သုံးဆီမကြာခဏပြတ်လပ်တာ၊ အချိန်ကြာမြင့်စွာတန်းစီဝယ်ယူရတာတွေအပြင်လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေကို ကြုံတွေ့ ခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က စက်သုံးဆီ တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းကာလအတွင်း ၅ ဆကျော် ဈေးနှုန်းမြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ