နေပြည်တော် ၊ ဧပြီ ၂၇

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ပြင်းအားကြီးမားတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဧပြီ ၂၄ ရက်နေ့ထိ အလှူငွေကျပ်ဘီလီယံ တစ်သိန်းတစ်သောင်းကျော် ရရှိထားတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအ‌ဝေးမှာ ငလျင်အလှူငွေရရှိမှုနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောလာတာပါ။

အလှူငွေရရှိမှုအနေနဲ့ ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေရဲ့ လှူဒါန်းငွေပေါင်း ကျပ်ဘီလီယံ တစ်သိန်းတစ်သောင်းကျော်၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်၊ ကိုရီးယား ဝမ် ၅ သိန်း၊ အိန္ဒိယ ရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနဲ့ စင်ကာပူ ဒေါ်လာ ၃၁၅၀ ရရှိထားတာပါ။

ရရှိထားတဲ့ အလှူငွေတွေကိုတော့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ ငွေစာရင်းမှာထည့်သွင်းထားပြီး အဲဒီအလှူငွေတွေကို စနစ်တကျလုပ်ဆောင်ကာ ကူညီကယ်ဆယ် ရေး လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်ကောင်စီကရရှိလာတဲ့ အလှူငွေတွေနဲ့ စနစ်တကျ ကူညီကယ်ဆယ် လုပ် ဆောင်ပေးနေတယ်လို့ ပြောပေမယ့် မြေပြင်မှာ ထိထိရောက်ရောက် ကူညီပေးနိုင်တာမရှိသလို နိုင် ငံတကာရဲ့ အကူငွေတွေဟာ စစ်အသုံးစရိတ်တွေ ဖြစ်လာတာကြောင့် ပြည်သူတွေ ပိုနစ်နာရတယ်လို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီသည် အခုတကယ့် မြေပြင်မှာ ခံစားနေရတဲ့ ပြည်သူလူထုဆိုတော့ မန္တလေးတို့ စစ်ကိုင်းတို့ နေရာတွေကို ထိထိရောက်ရောက် သူမကူညီပေးနိုင်ဘူး။ သူ့နေရာဖြစ်တဲ့ နေပြည်တော် တကွက်စာလောက်ပဲ။ သူကအဓိက ငလျင်ဘေးအတွက် ပြည်သူလူထုအတွက်သုံးတာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံတကာက ထောက်ပံ့တဲ့အကူငွေ အကုန်လုံးသည် ဒီစစ်အသုံးစရိတ်တွေ ဖြစ်လာတဲ့အပေါ် ပြည် သူလူထုက ပိုပြီးတော့ ပိုအကျပ်အတည်း ဖြစ်တာပေါ့ဗျာ” လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေအပြင် နိုင်ငံတကာက လှူဒါန်းလိုသူတွေအနေနဲ့ စစ်ကောင်စီကတဆင့် အလှူငွေပေးအပ်ပြီး ကူညီမယ့်အစား တိုက်ရိုက်ထိတွေ့ လှူဒါန်းတာကသာ ပြည်သူတွေအတွက် ထိရောက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ငလျင်ဘေးနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ် ထိခိုက်ခံရတဲ့ ဧရိယာရဲ့ အခြေအနေ၊ တည်နေရာနဲ့ အခြားဘေးအန္တရာယ်တွေ ထပ်မံ ဖြစ်ပွားနိုင်မှု ရှိမရှိ စိစစ်တာ၊ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်တာ၊ ဖယ်ရှားရှင်းလင်းရေး အပိုင်းကအစ အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ ငလျင်ကြောင့် နိုင်ငံတဝန်းက နေအိမ် ၆၃၀၀၀ ကျော်၊ စာသင်ကျောင်း ၆၇၀၀ ကျော်၊ ဘုန်းကြီးနဲ့သီလရှင်ကျောင်း ၅၅၀၀ နီးပါး၊ စေတီပုထိုး ၅၃၄၂ ဆူနဲ့ အခြား ဘာသာရေး အဆောက်အအုံး ၆၁၃ လုံး ထိခိုက်မှု ရှိခဲ့တာပါ။

ဒါ့အပြင် ဆေးရုံဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်းအပြင် ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးခဲ့ပြီး ပျက်စီးမှုတွေကိုတော့ ကာလတို၊ ကာလလတ်နဲ့ ကာလရှည် ခွဲခြားပြီး အဆင့်လိုက် ဆောင်ရွက်သွားမယ်လို့ စစ်ဒုခေါင်းဆောင်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းအားကြီးမားတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဧပြီ ၂၅ ရက်နေ့အထိ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနဲ့ ပျောက်ဆုံးသူ ၁၁၀ ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.