ထားဝယ်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး စာသင်ကျောင်း အဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးကျေးရွာနဲ့ကျောက်မဲတောင်ရွာအကြားကို ပေါင် ၂၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲမှုကြောင့် တောင်သုံးလုံးကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုအီစာ နောက်ကျောဗုံးစထိမှန် သေဆုံးသွားသလို တောင်သုံးလုံးကျေးရွာက မူတန်းကျောင်း အဆောက်အဦး ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာက ဒေသခံအချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ကတော့ ရွာထဲမှာပင် နေထိုင်နေပြီး အခြေအ နေစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကျောက်မဲတောင်နဲ့တောင်သုံးလုံးတဝိုက်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက် လာတာကြောင့် မေတ္တာမြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းကလည်း တောင်သုံလုံးနဲ့ ကျောက်မဲတောင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာစစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေးအဖိုးနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.