မော်လမြိုင် ၊ ဧပြီ ၂၄
တရွေ့ရွေ့မြင့်တက်လာတဲ့ ပြည်တွင်းမီးလင်းအခေါက် ရွှေဈေးနှုန်းဟာ ကမ္ဘာ့ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ တစ်ကျပ်သား ကျပ် ၇၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သင်္ကြန်မတိုင်မီ ဧပြီလပထမအပတ်က တစ်ကျပ်သား ကျပ် သိန်း ၇၀ ဝန်းကျင်သာ ရှိခဲ့တဲ့ ရွှေဈေးနှုန်းဟာ သင်္ကြန်ပြီးနောက် ဧပြီ ၂၃ ရက်နေ့မှာ တစ်ကျပ်သား ကျပ် ၇၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေကလည်း ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ ၃၀၄၀ ဝန်းကျင်ကနေ ဒေါ်လာ ၃၃၂၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာပြီး တစ်အောင်စလျှင် ဒေါ်လာ ၃၀၀ နီးပါး ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ အမေရိကန်နဲ့ တရုတ်ကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းလည်း လိုက်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုဟာက အမေရိကန်နဲ့ တရုတ်ရဲ့ စီးပွားရေးပေါ့နော်။ အဲဒီအခြေအနေတွေကြောင့်မို့လို့ ကမ္ဘာမှာ လုပ်ငန်းတွေက အားနည်းသွားပြီးတဲ့အခါကျတော့ ဘယ်ဘက်ကိုလှည့်ကြလဲဆိုတော့ စတော့မားကတ်တို့ ရွှေဈေးဘက်တို့ လှည့်တဲ့အချိန်မှာ ကမ္ဘာ့ရွှေဈေးက တက်သွားတာ။ ကမ္ဘာ့ရွှေဈေးတက်တဲ့ အခါကျတော့ မြန်မာ့ဈေးကလည်း လိုက်တက်တာပေါ့နော်” လို့ ဆိုပါတယ်။
ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတာတဲ့အတွက် သဘာဝဘေးဒဏ်သင့်တဲ့ ဒေသတွေမှာ ဝယ်လို အားထက် ရောင်းလိုအားများနေပြီး ကျန်ဒေသတွေမှာတော့ ဈေးကွက်အေးနေတဲ့ အခြေအနေမှာ ရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေ ဆိုကြပါတယ်။
ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်ပြီးနောက် တချို့ ရွှေရောင်းချတဲ့ ဆိုင်တွေအနေနဲ့ တစ်ကျပ်သားလျှင် ကျပ် ၆၀၀၀၀ ကနေ ကျပ် ၈၀၀၀၀ ဝန်းကျင်ထိ ဈေးခွာရောင်းဝယ်မှုတွေ ရှိသလို စစ်ကောင်စီဘက်က စောင့်ကြည့်တာတွေ ရှိနေပါတယ်။
ပြည်တွင်းရွှေဈေး ကျပ် ၇၅ သိန်းဝန်းကျင်အထိ မြင့်တက်လာပေမယ့် ဧပြီ ၂၃ ရက်နေ့မှာ စစ်ကောင်စီ သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးနှုန်းက ကျပ် ၅၆ သိန်းကျော်သာ ရှိပြီး တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းနီးပါး ဈေးနှုန်းကွာဟနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media