လားရှိုး ၊ ဧပြီ ၂၄

စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ တရုတ်နိုင်ငံက ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကောင်းချင်ဂန်းက ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပြီးနောက် ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး ဒေသဆိုင်ရာအုပ်ချုပ်ခွင့် ပြန်လည်လွှဲအပ်မှုအပေါ် သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရက ဖြေကြားလာတာပါ။

စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ ကူမင်းဆွေးနွေးပွဲက သဘောတူညီချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ နှစ်ဘက်အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ မကြာသေးမီက တရုတ်နိုင်ငံက ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ စစ်ကောင်စီနဲ့ MNDAA တို့ကြား ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည်သွားမှာဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထောက်ပြပြောဆိုထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က တရုတ်အားကိုးနဲ့ ကိုးကန့်ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ဖို့အထိ စစ်ကောင်စီက ဖိအားပေးလာနိုင်ပြီး နှစ်ဘက်အဖွဲ့ကလည်း အပစ်ရပ်ဆိုင်းထားတာကြောင့် TNLA အပေါ် စစ်ရေးအရ သက်ရောက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက တရုတ်အားကိုးနဲ့ ကိုးကန့်ထိန်းသိမ်းထားတဲ့ နေရာတွေမှာ သူတို့ရဲ့ ဟန်ပြ ရွေး ကောက်ပွဲကျင်းပနိုင်ဖို့အထိ ဖိအားတွေ ပေးလာနိုင်မယ်လို့ ကျွန်တော်တော့ မှန်းဆပါတယ်။ လားရှိုးပေးပြီးတော့ တစ်ချက်ပိုဆိုးတာက MNDAA ကိုးကန့်အဖွဲ့တွေနဲ့ အပစ်ဆိုင်းထားတဲ့သဘောရှိတယ်။ အဲဒီတော့ ဟိုဘက်က TNLA ဘက်မှာ သွားပြီးတော့ ဖိအားဖြစ်သွားတယ်။ ဘာလို့ဆို ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ဦးတည်ရန်သူဆိုလို့ TNLA တို့ BPLA တို့ မန္တလေး PDF တို့ အဲဒီလောက်ပဲ ရှိတော့တဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။ အဖွဲ့တစ်ဖွဲ့ရဲ့ အပစ်ဆိုင်းတဲ့အားက တော်တော်ကျသွားတယ်။ အဲဒီရဲ့ Side Effects က TNLA ဘက်ကို သွားပြီးတော့ ပိုခံစားရတာပေါ့” လို့ ဆိုပါတယ်။

ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတဲ့ ကိုးကန့်တပ် MNDAA ဟာ မြို့ပြင်နဲ့ ကျေး ရွာတွေမှာတော့ ဆက်လက်နေရာယူထားပြီး စစ်ကောင်စီကတော့ မြို့ ပေါ် ရပ်ကွက် ၁၂ ခုမှာ ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လည်နေရာယူမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ကောင်းချင်ဂန်းက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို နှစ်ဘက်အဖွဲ့က ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံက စေလွှတ်ထားတဲ့ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဟာ လားရှိုးမြို့ကနေ ထွက်ခွာခြင်းရှိ မရှိ မသိရသေးသလို မြို့လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ MNDAA တို့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းမှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက တိုက်ပွဲရပ်တန့်ဖို့ ဖိအားပေးခဲ့ပါတယ်။

MNDAA ကို ဖြတ် ၅ ဖြတ်နဲ့ လားရှိုးမြို့ကနေ မဆုတ်မခြင်း တရုတ်အစိုးရက အရေးယူခဲ့တာကြောင့် နိုင်ငံရေးအရ ဆွေးနွေးဖို့ ကြေညာခဲ့ရပြီး ဖြေလျှော့မှုတချို့ရရှိခဲ့ပါတယ်။ဇန်နဝါရီမှာတော့ တရုတ်အစိုးရ ညှိနှိုင်းပေးမှုအရ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုရလဒ်အရ နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြောခဲ့ပြီး လက်ရှိမှာတော့ MNDAA ဟာ လားရှိုးမြို့ကနေ ဆုတ် ခွာဖို့ ဖြစ်လာပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ရှုံးနိမ့်ပေမယ့် တရုတ်ဖိအားနဲ့ လားရှိုးမြို့ကို ပထမဆုံး ဝင်ရောက်ခွင့်ရခဲ့တာမို့ သတိထားရမယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။

“စစ်ရေးအရ ရှုံးနိမ့်မှုတွေရှိပေမယ့် တစ်ဘက်က အင်အားကြီး (တရုတ်) နိုင်ငံရဲ့ဖိအားနဲ့ လားရှိုးမြို့ကို ပထမဆုံး စဝင်လာတာပေါ့။ ဒါပေမယ့် စစ်ကောင်စီရဲ့ ခေါင်းဝင်ကိုယ်ဆန့်ဗျူဟာက သတိထားရမယ်။ အခုလည်း ဖိအားပေးတောင်းဆိုမှုတွေရှိနေတယ်လို့ ကြားသိနေရပြီး MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာ ဆက်ပြီးတော့ ကြည့်ရမှာပေါ့” လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ကူမင်းဆွေးနွေးပွဲလုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံက ဘက်အသီးသီးနဲ့အတူ တရုတ် – မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.