ရေဖြူ၊ ဧပြီ ၂၂
တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား မင်းသားကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သလို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် မောရဝတီရေတပ်စခန်းဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထပ်ထိုးလာနေတာကြောင့် မင်းသားကျေးရွာတဝိုက်မှာ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း မင်းသားကျေးရွာက ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ပျူစောထီးတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနစစ်ကြောင်း