မော်စကို၊ ဧပြီ ၂၂

ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ရပ်တည်မှုကြောင့် ရုရှားအနေနဲ့ ကျေနပ်ရတယ်လို့ ကရင်မလင်နန်းတော်က ဧပြီ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ထရန့်က အခု သီတင်းပတ်အတွင်း ငြိမ်းချမ်းရေး သဘောတူညီမှု ရမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုမှုနဲ့ပတ်သက်လို့တော့ ကရင်မလင်က မှတ်ချက်မပေးပါဘူး။

ငြိမ်းချမ်းရေး ဖော်ဆောင်သူအနေနဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ထရန့်က သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေလိုတယ်လို့ မကြာခဏ ပြောဆိုထားပါတယ်။

ထရန့်အစိုးရက ယူကရိန်းစစ်ပွဲကို အမေရိကန်နဲ့ ရုရှားကြား ကိုယ်စားစစ်ပွဲ အဖြစ် မှတ်ယူထားပါတယ်။

ယူကရိန်းအနေနဲ့ နေတိုး မဟာမိတ်အဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးစရာ မလိုတော့ဘူးလို့ အမေရိကန်ကိုယ်စားလှယ် ဗိုလ်ချုပ် ကိတ် ကီလော့က ဧပြီ ၂၀ ရက်မှာ ပြောကြားခဲ့တာပါ။

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် မိမိတို့ ကျေနပ်ရကြောင်းနဲ့ မိမိတို့ သဘောထားနဲ့ ထပ်တူကျတယ်လို့ ပြောကြားထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နေတိုး မဟာမိတ် အဖွဲ့ထဲ ယူကရိန်း ဝင်ရောက်လာရင် ရုရှား အကျိုးစီးပွားတွေ အန္တရာယ် ကျရောက်လာတော့မှာ ဖြစ်ကြောင်းနဲ့ ဒီအချက်ဟာ စစ်ပွဲ ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ ပြောခွင့်ရ ပက်စကော့က ပြောဆိုပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးခဲ့တာကြောင့် စစ်အေးစစ်ပွဲ နောက်ပိုင်း အနောက်တိုင်းနဲ့ ရုရှားကြား အဆိုးရွားဆုံး ထိပ်တိုက်တွေ့မှု တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်၊ ဥရောပနဲ့ ယူကရိန်း ခေါင်းဆောင်တို့က ရုရှား ကျူးကျော်မှုဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို သိမ်းယူဖို့ ကြိုးပမ်းမှု ဖြစ်ပြီး ရုရှားတပ်တွေကို ချေမှုန်း ပစ်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ပူတင်နဲ့ ထရန့်ကြား ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ရုရှားက နယ်မြေတွေ လက်လွှတ်ပေးမှာ မဟုတ်ဘဲ ယူကရိန်း နေတိုး အဖွဲ့ဝင် မဖြစ်လာစေရေး အခိုင်အမာ တောင်းဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.