ကော့ကရိတ်၊ ဧပြီ ၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး မြို့ခံပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်ချိန် မြို့ပေါ်မှာ စက်သုံးဆီနဲ့ ဆန်စတဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကော့ကရိတ်မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော် လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေတဲ့အချိန် ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ အဝင်အထွက်နေရာတွေက စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ထားလိုက်တာပါ။

စစ်ကောင်စီတပ်က မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ထားလိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ကော့ကရိတ်မြို့ခံပြည်သူတွေဟာ အပြင်ကိုထွက်ခွင့်မရဘဲ အများအပြားပိတ်မိနေသလို ကော့ကရိတ်မြို့ထဲကိုလည်း အပြင်ကနေ လူဝင်ရောက်လို့မရဘူးလို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့ပေါ်က ကုန်သည်လုပ်ငန်းရှင်စီးပွားရေးသမားတွေဟာ စက်သုံးဆီနဲ့ ဆန်တွေကို သိုလှောင်ထားလိုက်ပြီး ဈေးတင်ရောင်းချနေတဲ့အတွက် စက်ဆုံးဆီအပြင် ဆန်နဲ့ အ ခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလကြာမြင့်လာပါက ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ အသားငါးတွေ ပြတ်လတ်လာနိုင်ပြီး အသီးအရွက်တွေကတော့ လက်ရှိမှာရှိနေသေးတယ်လို့ ဆိုကြပါတယ်။

လက်ရှိ နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ ကော့ကရိတ်မြို့ပေါ်မှာ ဓာတ်ဆီ ၁ လီတာ ၁ သောင်းကျပ်၊ ကြက်ဥတစ်လုံး ၂ ထောင်ကျပ် ဈေးရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ဆေးရေးဂိတ်တွေကိုမဖွင့်ဘဲ အချိန်တော်တော်ကြာ ပိတ်ပင်ထားပါက ပိတ်မိနေတဲ့ ကော့ကရိတ်မြို့ခံပြည်သူတွေ အခက်အခဲများစွာ ကြုံဆုံလာရနိုင်ပြီး မြို့ခံတွေ အပြင်ထွက်ခွင့်ရဖို့အတွက် ဆရာတော်သံဃာတော်တွေက စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့ပေမယ့်လည်း အဆင်မပြေဘူးလို့ ကြားသိရပါတယ်။

ကော့ကရိတ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေအားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားသလို တဖက်မှာလည်း ၉ တိုင်လမ်းဆုံ ဂိတ်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပိတ်ထားလိုက်ပြီး နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ပိတ်ပင်ထားမှုကြောင့် လှိုင်၀တံတားကျိုးကနေ ၉ တိုင်လမ်းဆုံအထိ ကုန်တင်ယာဉ်အများအပြား ပိတ်မိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကော့ကရိတ်နဲ့ ကျုံဒိုမြို့အနီးမှာ ၁ ပတ်ကျော်ကြာမြင့်လာတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ဧပြီ ၂၂ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူထိခိုက်မှုတွေ နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးတာတွေ ဆက်ဖြစ်နေတယ်လို့ နယ်မြေခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.