ဘီးလင်း၊ ဧပြီ ၂၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာရှိ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ မစောကျေးရွာရှိ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာပါ။
ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းမှာရှိတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး သံဃာနဲ့ ကိုရင်တွေအပါအဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ ကိုရင်တစ်ပါး ထပ်မံသေဆုံးသွားပြီလို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦးတွေအပါအဝင် ဘုန်းကြီး ကျောင်းဘေးက နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ မင်းစောကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း မင်းစောကျေးရွာရှိ အလယ်တန်းကျောင်း ဗုံးကြဲခံရတာကြောင့် ကျောင်းဆောင်အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကြောင့် ဧပြီ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျုးလွန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ